Thursday, January 26, 2012

ဘန်ကီမွန်း နေပြည်တော်သွားမည်

0 ဝေဖန်ချက်များ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးလိုက်ပြီး မကြာခင် မြန်မာပြည် ထပ်သွားဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုး အပါအ၀င် သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ လက်ရှိ မြန်မာအာဏာပိုင်တွေ ဆောင်ရွက်နေတာတွေကို အင်မတန် ကျေနပ်အားရမိပါတယ်" လို့ ဘန် ကီမွန်းက နယူးယောက်မှာ သတင်းထောက်များကို ပြောလိုက်ပါတယ်။

နေပြည်တော်နဲ့ တိုက်ရိုက် စကားပြောနေတယ်၊ ထပ်ပြီးဆွေးနွေးနိုင်ဖို့ သိပ်မကြာခင် အနာဂတ် မှာ မြန် မာပြည် ထပ်သွားဖို့လည်း ပြင်ဆင်နေပါတယ်လို့လည်း သူက ဆက်ပြော ပါ တယ်။
 
@IRRAWADDYBLOG

Wednesday, January 25, 2012

လေတပ်ဝတ်စုံနဲ့ ထိုင်းဝန်ကြီးချုပ်

0 ဝေဖန်ချက်များ
ဒီကနေ့ ထိုင်းဝန်ကြီးချုပ်ရဲ့ လော့ဘူရီခရိုင် လေတပ်စခန်း ခရီးစဉ် မှတ်တမ်းဓာတ်ပုံတွေ ဖြစ်ပါတယ်။
သူ့ဖေ့စ်ဘုတ်က ယူပါတယ်။

စခန်းမှာ သတင်းထောက်တွေ ရှိပေမယ့် ၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ မလုပ်ခဲ့ပါဘူး။














ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး

0 ဝေဖန်ချက်များ
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး

ဝါရှင်တန်ပို့စ် ရဲ့ အကြီးတန်းတွဲဖက်အယ်ဒီတာ လာလီဝီးမောက် ဟာ ၂၀၁၂ ဇန်န၀ါရီ ၁၈ မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ၀ါရှင်တန်ပို့စ် ရဲ့ ကောက်နှုတ်ဖော်ပြချက်တွေ ကို ဘာသာပြန်ဆို ဖော်ပြပါ့မယ်။
ကိုမိုးထက်

ဝါရှင်တန်ပို့စ်။ ။ အမေရိကန်က လူတွေက သမ္မတဦးသိန်းစိန် လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဟာ တကယ် စစ်မှန်ရဲ့လား လို့မေးနေကြတယ်။ အစ်မ အနေနဲ့ရော တကယ် အစစ် အမှန်လို့ ထင်ပါသလား။ ပြီးတော့ သမ္မတ နဲ့ အစ်မ တွေ့ဆုံခဲ့တာကရော ဘယ်လို အခြေအနေ ရှိခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ သမ္မတနဲ့ တွေ့ဆုံခဲ့တာ အဆင်ပြေပါတယ်။ သူဟာ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလား တယ်လို့ ကျမ ယုံပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ထဲမှာ သူတစ်ယောက်တည်းမှ မဟုတ်တာ။ ကျမတို့ရဲ့ လက်ရှိ ဖွဲ့စည်းပုံဥပဒေ က စစ်တပ်ကို အာဏာ သိပ်ပေးလွန်းအားကြီးပါတယ်။ သမ္မတက နိုင်ငံ့ ဦးသျှောင် ဖြစ်ပေမယ့်လို့ သူ့မှာ အမြင့်ဆုံး အာဏာရှိတယ်လို့ သေချာပေါက်ပြောလို့ မရပါဘူး။ စစ်ဦးစီးချုပ်က လိုအပ် တယ်လို့ သူ ယူဆတဲ့အချိန်တိုင်းမှာ အစိုးရရဲ့အာဏာ အလုံးစုံကို လွှဲပြောင်းရယူနိုင်ပါတယ်။ ဒါဟာ ကျမတို့ သမ္မတ ရင်ဆိုင်နေရတဲ့ အနေအထားပါ။ ရှင်တို့ ဒီနေရာမှာ ဆိုရင်လည်း အင်မတန် ခက်ခဲမှာပါပဲ။ သူ့မှာ စစ်တပ်ထဲမှာ ဘယ်လောက် ထောက်ခံမှုရှိသလဲ ဆိုတာတော့ ကျမ မသိပါဘူး။ သူကိုယ်နှိုက်ကလည်း စစ်သား တစ်ဦးပဲလေ။ ဒါကြောင့် စစ်တပ် အသိုင်းအ၀ိုင်းမှာ သူ့ကိုတော်တော်လေး ထောက်ခံ အားပေးကြမှာပဲလို့ ကျမ ယူဆပါတယ်။ ဒါပေမယ့် ဒါက ယူဆချက် သက်သက်နော်။

ကျမအထင်တော့ သမ္မတဟာ အပြောင်းအလဲ လုပ်ဖို့ တကယ့်ကို လိုလားသူပါ။ အစိုးရအဖွဲ့ထဲမှာ သူ့ကို ထောက်ခံသူတွေရှိတယ်လို့ ကျမ ထင်ပါတယ်။ အားလုံးထောက်ခံသလား ဆိုတာတော့ ကျမလည်း မဖြေနိုင်ပါဘူး။

ဝါ။ ။ အခုပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ အစ်မ စိုးရိမ် မိပါသလား။

စု။ ။ ကျမ အစိုးရိမ် မလွန်ပါဘူး။ ဒါပေမယ့် နောက်ကြောင်းပြန်လှည့်သွားနိုင်ခြေ တစ်ခုရှိတယ်လို့ ကျမ သတိထားပါတယ်။ ဒီဖြစ်နိုင်ချေကို မှိန်ဖျော့သွားရအောင် ကျမတို့ တော်တော်ကြိုးစားပမ်းစား လုပ်ရမယ် လို့ ကျမ ထင်ပါတယ်။ အခုဒီလုပ်ငန်းစဉ်ကို အမေရိကန်က အားပေး လုပ်ဆောင်နေတာကို ကျမ တကယ့်ကို လေးစား ချီးကျူးမိပါတယ်။ မြန်မာနိုင်ငံအတွင်းက ကျမတို့တွေလည်း ဒီလုပ်ငန်းကြီးရဲ့ အဓိက အခန်းကဏ္ဍက ပါဝင်မှဖြစ်မယ်လို့ ကျမ ထင်ပါတယ်။

ဝါ။ ။ အမေရိကန်အနေနဲ့ ပိတ်ဆို့အရေးယူမှု ဆန်ရှင်ကို ရုတ်သိမ်းပြီး ထိတွေ့ ဆက်ဆံ သင့်ပါ သလား။

စု။ ။ သူတို့ က ဒီလိုလုပ်ဖို့ အချိန်ကျပြီလို့ ထင်ရင် လုပ်ကြပါ။ အမေရိကန် ဟာ သူတို့ရဲ့ ဆန်ရှင် ပြန်ရုတ်သိမ်းဖို့ အတွက် ဘယ်လို သတ်မှတ်ချက်တွေ ရှိတယ် ဆိုတာကို ရှင်းရှင်း လင်းလင်း ချပြထားပြီးသားပါ။ တကယ်လို့ အစိုးရက ဆန်ရှင်တွေကို ပြန်ရုတ်သိမ်းစေလိုတယ် ဆိုရင် အဲဒီ ကြိုတင် သတ်မှတ်ချက်တွေကို ကြိုးစား ဖြည့်ဆည်း ကြရပါလိမ့်မယ်။

ဝါ။ ။ အဲဒီသတ်မှတ်ချက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးတာ ပါတယ်လေ။ အခု မကြာခင်ကပဲ သမ္မတက တော်တော်များများ လွှတ်ပေးခဲ့တာပဲ။

စု။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မလွတ်သေးပါဘူး။ အဓိကကျတဲ့ နိုင်ငံရေး အကျဉ်းသားတွေ တော့ ပြန်လွတ်လာပါပြီ။

ဝါ။ ။ အစ်မအနေနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေ အကြားမှာ ငြိမ်းချမ်းရေး နဲ့ ပြန် လည် သင့်မြတ်ရေး ဆောင်ကြဉ်း ပေး ဖို့ ပါဝင်ဆောင်ရွက်ပေးနိုင်ပါသလား။

စု။ ။ နှစ်ဘက်စလုံးက လိုလားတယ် ဆိုမှသာ ကျမ ကဏ္ဍတစ်ရပ်က ပါဝင်ဆောင်ရွက်ပေးနိုင်တာပါ။ တစ်ဘက် ကပဲ ကျမကို ပါဝင်ပါလို့ ပြောနေတော့ ကျမ လုပ်လို့ မရနိုင်ပါဘူး။ တိုင်းရင်းသားတွေက ကျမကို ပါဝင်စေ ချင်တယ်လို့ ပြောကြပါတယ်။

ဝါ။ ။ အစ်မကို ၀န်ကြီးရာထူးပေးဖို့ စဉ်းစားထားပါသလားလို့ သမ္မတကြီးကို ကျမမေးခဲ့ပါတယ်။ သူက လွှတ်တော်ရဲ့ သဘောအတိုင်းပါပဲလို့ ပြောပါတယ်။

စု။ ။ သိပ်မှန်တာပေါ့။ ကျမတို့ အခုယှဉ်ပြိုင်မယ့် နေရာအားလုံးကို နိုင်ခဲ့မယ် ဆိုရင်တောင် အမတ်နေရာ ၆၀၀ ထဲက ၄၈ နေရာ ပဲ ရမှာပါ။ ကျမတို့ လွှတ်တော်ထဲ ရောက်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်က လွှတ်တော်ထဲမှာ အလုပ်တွေ အားလုံး လုပ်ရမယ်လို့ မျှော်လင့်ထားတာကြောင့် မဟုတ်ပါဘူး။ လွှတ်တော် ထဲမှာ ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို တိုးချဲ့သွားချင်တာပါ။

ဝါ။ ။ အမေရိကန်ရဲ့ တောင်းဆိုချက်တွေဆီ ပြန်သွားကြရအောင်။ တခြား ဖြည့်ဆည်းရမယ့် သတ်မှတ်ချက် တွေက ဘာတွေများလဲ။

စု။ ။ တိုင်းရင်းသားတွေရဲ့ နယ်မြေအားလုံးမှာ ရန်လို တိုက်ခိုက်မှုတွေ အားလုံး အဆုံးသတ်ရပါမယ်။ အခု ကေအင်န်ယူနဲ့ အပစ်အခတ် ရပ်စဲပြီးပါပြီ။ ဒါပေမယ့် ကေအိုင်အေ နဲ့ မရပ်စဲရသေးပါဘူး။ ဒါဟာ ကျမတို့ နိုင်ငံအတွက် ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ဝါ။ ။ အမေရိကန် ထိပ်တန်းအရာရှိကြီးတွေက ဒီဆန်ရှင်တွေ ပြန်ရုတ်သိမ်းရေးနဲ့ ပတ်သက်ရင် ညွှန်ပြပေးဖို့ အစ်မကို မျှော်နေကြပါတယ်။

စု။ ။ ဒီအခြေအနေ နဲ့ ပတ်သက်ပြီး ရိုးသားတဲ့ အကဲဖြတ်ချက်တစ်ခုပေးမယ့် သူ တစ်ယောက်ယောက်ကို သူတို့ အလိုရှိတာပါ။ ကချင်ပြည်နယ်က အခြေအနေက တကယ့် ပြသနာကြီးတစ်ခုပါ။ ကျမတို့အနေနဲ့ အစစ်အမှန် ငြိမ်းချမ်းရေး တစ်ခုရဖို့ဆိုရင် ဒီလိုပြသနာတွေကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲ၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရပါလိမ့်မယ်။

ဝါ။ ။ အစိုးရက တိုင်းရင်းသားနယ်မြေတွေမှာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

စု။ ။ ဟုတ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို ဖော်ထုတ်ဖို့ အဲဒီနေရာတွေဆီ ကြားခံအဖွဲ့ ၀င်ခွင့်ရဖို့ လိုအပ်နေတာပါ။

ဝါ။ ။ အထက် လွှတ်တော်အမတ် ရစ်ချတ်လူဂါ က ပြောပါ တယ်။ မြန်မာ နိုင်ငံ ဟာ မြောက် ကိုရီး ယားနိုင်ငံ အကူ အညီနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နေပြီတဲ့။

စု။ ။ ဒါကိုတော့ ကျမ မသိပါဘူး။ သေချာတာကတော့ သူတို့ မြောက်ကိုရီးယားနဲ့ သံတမန် ဆက် ဆံရေး ပြန်လည် ထူထောင်ထားပါတယ်။ ဒါကိုတော့ ငြင်းလို့မရပါဘူး။

ဝါ။ ။ အစိုးရ ဟာ ဗေဒင်ဆရာတစ်ယောက်က အကြံပေးလို့ နေပြည်တော်ကို မြို့တော်အသစ် အဖြစ် ရွေးချယ်ခဲ့တယ်ဆိုတာ အမှန်ပဲလား။

စု။ ။ ကျမ နားလည်တာကတော့ အရင်အစိုးရကို နက္ခတ်ဗေဒင်ဆရာတွေ လမ်းညွှန်ခဲ့တယ် ဆိုတာပါပဲ။

ဝါ။ ။ ဦးသိန်းစိန် ဟာ ဂေါ်ဘာချော့ဗ် လို ပုဂ္ဂိုလ်မျိုးလို့ ထင်ပါသလား။

စု။ ။ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂေါ်ဘာချော့ဗ် ဟာ ရာထူး အဆင့်ဆင့်ဖြတ်သန်းပြီး တဖြည်းဖြည်း ချင်း အာဏာရလာခဲ့သူပါ။ ပြီးတော့ သူဟာ အပြောင်းအလဲတွေ ဆီ ဦးမလှည့်ခင်မှာ အာဏာကို တော်တော်လေး အခိုင်အမာ စွဲကိုင်ခဲ့သူပါ။ ဦးသိန်းစိန်ကတော့ တော်တော်လေး မတူတဲ့ အနေအထား ဖြစ်ပါတယ်။ သူ့ကို နိုင်ငံ့ ခေါင်းဆောင်ဖြစ်လာမယ်လို့ မျှော်လင့်ထားတဲ့သူ အတော့်ကို နည်းလိမ့်မယ်လို့ ထင်ပါတယ်။ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ အမြင့်ဆုံးရာထူးရခဲ့သူ မဟုတ်ပါဘူး။

ဝါ။ ။ စစ်တပ်က သမ္မတကို ဖြုတ်ချနိုင်တယ်ဆိုတဲ့ အချက်ကို အစ်မ ရည်ညွှန်းခဲ့တယ်နော်။ ဒီတော့ သမ္မတနဲ့ စစ်တပ် ဆက်ဆံရေးက ဘယ်လိုလဲ။

စု။ ။ သမ္မတ ဟာ ကျမသိသလောက်တော့ စစ်တပ်မှာ လူလေးစားခံရသူပါ။ သူဟာ အရင်အစိုးရ လက်ထက် က အဂတိကင်းရှင်း ပြီး သန့်ရှင်းတယ် လို့ ယူဆခံရတဲ့ အစိုးရအဖွဲ့ဝင် လူနည်းစုထဲက တစ်ဦးဖြစ်ပါတယ်။ သူတင် မကပါဘူး။ သူ့မိသားစုကလည်း အင်မတန်ကောင်းပါတယ်။ ဒါ ထူးခြားပါတယ်။

(ဒုတိယပိုင်းဆက်တင်ပါမည်။)

Monday, January 23, 2012

မြန်မာတွေနဲ့ လက်ဖက်ရည်ဆိုင်

0 ဝေဖန်ချက်များ
ကျနော် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ထိ တောက်လျှောက် ကြုံတွေ့လာတဲ့ အပိုင်းပေါ်မူတည်ပြီး ဒီ POST လေး ကို ရေးဖြစ်ပါတယ် .. ကျနော် ကျောင်းတက်နေတုန်းအရွယ်ပေါ့ .. ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း အရွယ် .. အဓိက ၁၀ တန်း အရွယ်ပေါ့ဗျာ .. အဲဒီ အရွယ် ကစပြီး လက်ဖက်ရည်ဆိုင် ထိုင်တတ်လာခဲ့တယ်ပေါ့ .. ၁၀ တန်းလည်း အောင်ပြီးရော .. အလုပ်က မရှိ ... ကျောင်း ဆက် တက်ဖို့က စောင့်နေတဲ့ အချိန်ဆိုတော့ ... လက် ဖက်ရည်ဆိုင်နဲ့ ကျနော်တို့ ဆယ်တန်း(သို့) တက္ကသိုလ်ဝင်တန်းပေါ့ဗျာ ... တွေအတွက် လက်ဖက်ရည်ဆိုင် ထိုင် တာ ကတော့ တော်တော် လေးကို အလေ့အထ ဖြစ်နေပါပြီ .. 

မနက် မိုးလင်း ၈ နာရီ၊ ၉ နာရီဆိုတာ ကျနော်တို့ အတွက် ပုံမှန် အိပ်ရာ ထချိန်ပါပဲ .. အလုပ်မရှိ အကိုင်မရှိ မိဘ လုပ်စာ ထိုင်စားနေတဲ့ အချိန်တိုကာလ လေး အတွင်းမှာ ကျနော်တို့အတွက် လူငယ် သဘာဝ လွတ် လပ်မှု အချိန်တိုလေးကို ရရှိခဲ့ပါတယ် ..  ၂၀၀၁ - ၂၀၀၂ ပေါ့ဗျာ .. အဲဒီ အချိန်မှာ လက်ဖက်ရည်ဆိုင်ထိုင် တဲ့ အလေ့အထကို ရ ရှိခဲ့တယ်ဆိုပါတော့ဗျာ ... အဲဒီအချိန်တုန်းကတော့ လူငယ်ပေါ့ဗျာ .. အခုလည်း လူ ငယ်ပါပဲ .. လူငယ်ဆိုပေမဲ့ .. လူငယ်လေးပေါ့ဗျာ ...

ဆိုလိုချင်တာဝေးသွားပြီ ...

ကျနော် လက်ဖက်ရည်ဆိုင်ထိုင်တက်စ အချိန် .. အရွယ်ပေါ့ .. ၁၉၊ ၂၀ နှစ် ပတ်ဝန်းကျင် လက်ဖက်ရည် ဆိုင် မှာ ကျနော်တို့ အရွယ်တွေက တနေကုန် ထိုင် ပေါက်ပန်းလေးဆယ် ပြောကြတယ်ဗျ .. ၄၀၊ ၅၀ ပတ်ဝန်းကျင်၊ ၆၀ ကျော် အရွယ်တွေက တော့ နိုင်ငံရေး၊ နိုင်ငံတကာရေးရာတွေ ပြောကြတာကို တွေ့မိ သတိထားမိတယ်ဗျာ ...
ဆိုလိုချင်တာ နီးလာပြီ ...

ကျနော် အခု အလုပ်လည်း လုပ်နေပြီ .. အသက်လဲ ၃၀ နီးပြီ .. ဘာ သတိထားမိလာလည်းဆိုတော့ လက်ရှိ ကျနော်တို့ ဆီမှာ .. ကျနော်တို့ ဆယ်တန်းပြီးကာစ အရွယ်ပေါ့ဗျာ .. လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ဓလေ့ နည်း လာတယ် .. ဘာကြောင့်လဲ ဆိုတော့ လက်ဖက်ရည်ဆိုင် အရေအတွက်က လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ထက် ၁၀ ဆ နည်းသွားတယ်လို့ထင်တယ် ... 

ကဲ .. အဲတော့ .. ဘာ ၁၀ ဆ တိုးလာလဲ .. ဘီယာဆိုင် .. အရက်ဆိုင်ပေါ့ဗျာ .. ၁၉ ၂၀ အရွယ် လူငယ်လေးတွေ လက်ဖက်ရည်ဆိုင်ထိုင်တက်တာထက် ဘီယာဆိုင် ထိုင်တက်တာ ပိုများလာတယ် .. အရင့် အရင် လက်ဖက်ရည်လေး ငုံလိုက် နိုင်ငံရေးအကြောင်း ပြောလိုက် လုပ်နေတဲ့ အသက်ကြီး ပုဂ္ဂိုလ်တွေ အခုတော့ ဘီယာခွက်လေးတွေ ကိုင်ပြီး ပြောနေဆိုနေကျတာကို မြင်နေတွေ့နေရတော့ .........


Sunday, January 22, 2012

တင်ချင်ကာမှ ခွေးကျကျ

0 ဝေဖန်ချက်များ
စာအုပ်ဆိုင်ကြီး တစ်ဆိုင်၏ မန်နေဂျာ တစ်ယောက်သည် သူ့ဆိုင်သို့ နာမည်ကြီး စာရေးဆရာ တစ်ယောက် လာရောက်လည်ပတ်မည့် သတင်းကို ရထားသည်။ ထို့ကြောင့်လာလည်မည့် စာရေးဆရာ သူ့ကိုယ်သူ အထင် ကြီးသွားစေလိုသောကြောင့် အခြား စာရေးဆရာများ ၏ စာအုပ်များ အကုန်သိမ်းထားပြီး ထိုစာရေးဆရာ ၏ စာအုပ်များကိုသာ သေသေသပ်သပ် ခင်းကျင်းပြသထားလိုက်၏ ...

နာမည်ကြီးစာရေးဆရာရောက်လာသော အခါ ဆိုင်ထဲတွင် အခြားစာရေးဆရာများ၏ စာအုပ်များကို မတွေ့ရ ဘဲ သူ့စာအုပ်တွေသာ တွေ့သဖြင့် ကျေနပ်ပြုံးပြုံးပြီး မန်နေဂျာကိုမေးသည်။
" အံသြစရာပဲ၊ တခြားစာရေးဆရာတွေရဲ့ စာအုပ်တွေကော တစ်အုပ်မှ မမြင်မိပါလားဗျ "

သည်တော့ မန်နေဂျာ က သူပိုဝမ်းသာသွားစေချင်သည့် စေတနာဖြင့် မစဉ်းမစား ပြန်ပြောလိုက်သည်က
" ဟုတ်ကဲ့၊ အားလုံးရောင်းလိုက်ရပြီ။ အားလုံးဝယ်သွားကြပြီဗျ "