Wednesday, March 21, 2012

ဝန်ကြီးများရုံးအတွင်း ဓာတ်ပုံဝင်ရိုက်သော အစ္စရေးနိုင်ငံသားကို ဒဏ်ငွေရိုက် ကာ ပြန်လွှတ်ပေး

0 ဝေဖန်ချက်များ
Credit to 7Day News Facebook

ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံးအတွင်းသို့ ကျုးကျော်ဝင်ရောက်၍ ဓာတ်ပုံရိုက်ကူးခဲ့သော အစ္စရေးနိုင်ငံသား Mr-Ariel Tal အား ဗိုလ်တထောင်တရားရုံးမှ ငွေဒဏ်သာ ချမှတ်ခဲ့ပြီး ကင်မရာကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းကာ တရားသေကွင်းလုံးကျွတ်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အစ္စရေးနိုင်ငံသား Mr-Ariel Tal သည် ယခုလ ၈ ရက်နေ့မှ ဧပြီ ၅ ရက်နေ့အထိ အလည်အပတ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပုစွန်တောင်(၁၀)ရပ်ကွက်ရှိ Everest ဟိုတယ်တွင် တည်းခိုခဲ့သည်။
၎င်းသည် ယခုလ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ၀န်ကြီးများရုံးအတွင်းသို့ မဟာဗန္ဓုလလမ်းဖက်အခြမ်းမှ ကျော်ဝင်ကာ ဓာတ်ပုံရိုက်ကူးခဲ့သည်။ ကျုးကျော်ဝင်ရောက်လာသော Mr-Ariel Tal ကို ၀န်ကြီးများရုံးအတွင်း တာဝန်ကျနေသော ရဲတပ်ရင်း(၉) မှ တပ်သား ရဲရင့်အောင်မှ တွေ့ရှိဖမ်းဆီးခဲ့ပြီး ယင်းရဲတပ်ရင်းမှ ဒုရဲအုပ်ဇေယျာဦးက ဗိုလ်တထောင်တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုခဲ့သည်။
Mr-Ariel Tal ကို ပြစ်မှုအမှတ် (၄၉/၂၀၁၂၊ ၅၀/၂၀၁၂) အရ လ၀က (၁၃-၁)၊ ကန့်သတ်နယ်မြေအတွင်းတရားမ၀င် ၀င်ရောက်မှုအဖြစ် ပုဒ်မ- ၄၄၈ဖြင့် စတင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ခွင့်ပြုချက်မရဘဲ ကျုးကျော်ဝင်ရောက်မှုဖြင့် ပုဒ်မ- ၄၄၇ သို့ပြောင်းလဲခဲ့သည်။
အမှုကို ယခုလ ၁၂ ရက်နေ့တွင် ပထမအကြိမ်စစ်ဆေးကြားနာခဲ့ပြီး ဒုတိယအကြိမ် အပြီးသတ်အဖြစ် ယခုလ ၂၀ ရက်နေ့ နေ့လည် သုံးနာရီ မိနစ် ၅၀ မှ လေးနာရီ ၁၀ မိနစ် အထိ ကြားနာခဲ့ကာ အမိန့်ချမှတ်ခဲ့သည်။
ချမှတ်လိုက်သောအမိန့်မှာ ခွင့်ပြုချက်မရရှိဘဲ ကျုးကျော်ဝင်ရောက်မှု (ပုဒ်မ-၄၄၇) အတွက် ငွေဒဏ်ငါးရာကျပ်ပေးဆောင်ရန်နှင့် မပေးဆောင်နိုင်ပါက ပြစ်ဒဏ် ၁၅ ရက်ကျ ခံစေရန်၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှု (လ၀က-၁၃/၁) အတွက် ငွေဒဏ်ငါးသောင်း ကျပ် ပေးဆောင်ရန်နှင့် မပေးဆောင်နိုင်ပါက ထောင်ဒဏ်ခြောက်လကျခံစေရန် ဖြစ်သည်။
ထို့အပြင် Mr-Ariel Tal နှင့်အတူ လက်ဝယ်တွေ့ရှိခဲ့သည့် ကန်နွန်အမျိုးအစား ကင်မရာကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခဲ့သည်
Mr-Ariel Tal သည် ပတ်စ်ပို့စ်နံပတ် (၁၁၆၈၃၉၁၄) နှင့် ဗီဇာအမှတ် (၄၆၉၆၈၈) ကိုင်ဆောင်ထားခြင်းဖြစ်ပြီး တရားရုံးမှ ချမှတ်လိုက်သော ငွေဒဏ်များကို ပေးဆောင်ခဲ့ကာ ၎င်း၏ ပတ်စ်ပို့ကို ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။