Saturday, January 21, 2012

ကိုနေဘုန်းလတ်ရဲ့ ပစ္စက္ခအမြင်

0 ဝေဖန်ချက်များ
Share
@popularmyanmar.com
 ပုဒ်မ ၄ဝ၁ (က) နဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်တဲ့အပေါ် အစ်ကို ဘာပြောချင်လဲ။
စိတ် ကသိကအောက်ဖြစ်တာ က ပုဒ်မ ၄ဝ၁ (က) နဲ့ အကြေွးကျန် သဘောမျိုး လုပ်တာကိုပဲ။ အဲဒါ ကျွန်တော်တို့ကို လက်မှတ်တော့ မထိုးခိုင်းဘူး။ အမိန့်ကြေညာ စာလိုဖတ်ပြပြီး ကြေွးကျန်သဘော မျိုး၊ နောင်ပြစ်မှုတွေ ကျူးလွန်တဲ့ အခါမှာ ဒီဟာနဲ့ ပေါင်းပြီးပေးဆပ် ရမယ်ဆိုပြီး ဖတ်ပြတယ်။
အစ်ကိုတို့ကို လွှတ်မယ်ဆိုတာ ဘယ်အချိန်မှာ သိရလဲ။
၆၅၁ ယောက်ကို လွှတ်မယ် ဆိုတာ ညကတည်းက သတင်း ကြေညာတဲ့အတွက် သိတယ်။ မနက် ၄ နာရီခွဲရောက်မှ ထောင် အာဏာပိုင်တွေက တိုက်ထဲမှာရှိတဲ့ ခုနစ်ယောက်လုံး ပြန်လွှတ်တယ်ဆို တာကိုလာပြောတာ။ အဲဒီထဲက ကျွန်တော်တို့ ယုံကြည်ချက်အကျဉ်း သား ခုနစ်ယောက်ရယ်။ ဦးခင်ညွန့် တို့အဖွဲ့က သုံးယောက်၊ အဆောင် က တစ်ယောက်၊ အားလုံး ၁၁ ယောက် ပြန်လွတ်လာတယ်။

အစ်ကိုတို့ကို အခုလို ပြန်လွှတ် ပေးတာ အစိုးရရဲ့ ပြောင်းလဲ မှုတစ်ခုလို့ ပြောရင်ရနိုင်မလား။
အင်း၊ အပြောင်းအလဲတစ်ခုပေါ့။ အားလုံး ဝိုင်းတောင်းဆိုနေတဲ့ ကိစ္စတွေထဲမှာ ပထမဦးစားပေးက ယုံကြည်ချက်အကျဉ်းသမား ကိစ္စ ပေါ့။ ဒုတိယကိစ္စကတော့ ငြိမ်းချမ်း ရေးကိစ္စပေါ့။ ဒီယုံကြည်ချက် အကျဉ်းသားတွေကို လွှတ်ပေး လိုက်ပေမယ့် ကျန်တဲ့သူက ကျန် နေသေးတယ်။ ဒါပေမဲ့ နာမည်ကြီး ယုံကြည်ချက် အကျဉ်းသား အတော် များများကတော့ ပါလာတယ်။ နောက်ပြီး ကြေွးကျန်ကိစ္စလေး ကျန်နေတဲ့ အနေအထားကလွဲလို့ ကျေနပ်လောက်စရာ အနေအထား ရှိတယ်။ အရင်လိုမျိုး မဟုတ်ဘူး။ အရင်တုန်းက အများကြီးနဲ့ ရော ရောလွှတ်တာ။ အခုက ယုံကြည် ချက် အကျဉ်းသားတွေနဲ့ ဦးခင်ညွန့် တို့အုပ်စုကိုပဲ ရွေးလွှတ်တာ။ အဲဒီ ပုံစံက ပြောင်းလဲမှု တစ်ခုလို့တော့ သတ်မှတ်လို့ ရတယ်။ ရှေ့ဆက်ပြီး တော့ ပြောင်းလဲမှုတွေ လုပ်ဖို့ လို သေးတယ်။ နောက်တစ်ခါ ငြိမ်းချမ်း ရေးကိစ္စ။ ဒါတွေ ဆက်လုပ်ရဦးမယ်။ အခုလက်ရှိ ကတော့ ရွေ့နေတယ်။ ဒါတွေ ဆက်ရွေ့ဖို့ နောက်ပြန်ဆုတ် မသွားဖို့ လိုတယ်။ ဒါက အစ်ကိုတို့ နိုင်ငံရေးသမားတွေရော၊ အစိုးရဘက် က တာာဝန်ရှိသူတွေရောရဲ့ လုပ် ရည်ကိုင်ရည်ပေါ် မူတည်တယ်။

NLDက ရွေးကောက်ပွဲလမ်း ကြောင်းပေါ် တက်လာတဲ့ အမြင်က ဘယ်လိုရှိလဲ။
အဲဒီလို ဝင်လာတာကို ကျွန် တော့်အနေနဲ့ ထောက်ခံတယ်။ ပထမဦးဆုံးအကြိမ် ရွေးကောက် ပွဲလုပ်တုန်းက NLD ရဲ့ တကယ့် ခေါင်းဆောင် ဖြစ်တဲ့ အန်တီက အကျယ်ချုပ်နဲ့။ အဲဒီတော့ အန်တီ ကို ထုတ်ရမယ့် အနေအထားမျိုး။ အန်တီမပါဘဲနဲ NLD က ရှေ့ဆက် သွားရမယ့် ပုံစံမျိုး ဖြစ်နေတယ်။ ဒီအနေအထား တစ်ခုမှာ   ရွေးကောက်ပွဲကို တခြားယုံကြည်ချက်အကျဉ်း သားတွေလည်း မရှိတော့ NLD က ရွေးကောက်ပွဲကို မဝင်ဘူးဆို တာမှန်တယ်။ အခုတစ်ခေါက်မှာ အန်တီလည်း လွတ်လာတယ်။ ဦး သိန်းစိန်၊ ဦးအောင်ကြည်တို့နဲ့ တွေ့ တယ်။ ဒီလို တွေ့ဆုံမှုတွေ အပြီး မှာ တချို့ ကတိကဝတ်တွေကို အန် တီရသွားတာရှိတယ်။ အန်တီ ကိုယ်တိုင် သမ္မတကြီးကို ယုံကြည် ပါတယ်ဆိုပြီး ထုတ်ပြောလာတဲ့ အတွက် ဒီအခင်းအကျင်းတွေ ရှိလာ တဲ့အခါမှာ ငါတို့ဒါတွေရမှ ဒါတွေ ပြန်ပေးမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ယုံကြည် မှုတစ်ခုပေးပြီးရွေးကောက် ပွဲ ဝင်လိုက်တာကို အပြည့်အဝ ထောက်ခံတယ်။ တချို့ကျတော့ လည်း ယုံကြည်ချက် အကျဉ်းသားတွေ မလွှတ်ပေးသေး ဘဲနဲ့   ရွေး ကောက်ပွဲ မဝင်သင့်ဘူးလို့ ပြောတဲ့ လူတွေလည်း ရှိတယ်။  ဒါပေမဲ့ အစ်ကိုမြင်တာက ဒီဟာနဲ့ပတ်သက် ပြီး အန်တီက ခိုင်ခိုင်မာမာ ကတိ တစ်ခုရထားတဲ့အတွက် ဒါကို ဝင်တာလို့ မြင်တယ်။ ဒီကိစ္စကိုလည်း ထောက်ခံတယ်။

အစ်ကို့အနေနဲ့ ထောင်ထဲကို ရောက် သွားတဲ့အချိန်မှာ ထောင်အတွေ့အကြုံက ဘယ်လိုရှိလဲ။
ထောင်ထဲမှာ အခက်အခဲရှိ တာက အထက်ကပြောင်းလဲလိုက် တဲ့ဟာကို အောက်ကလိုက်မပြောင်း လဲ နိုင်တာတွေရှိတယ်။ သူတို့တွေရဲ့ Information လမ်းကြောင်း   တွေက နည်းနည်းဝေးတယ်။ အင်းစိန်မှာ ပြောင်းလဲနေတဲ့ဟာတွေက ဘားအံ ကို ရောက်ချင်မှ ရောက်တယ်။ အဲဒါမျိုးတွေက ကျင့်လို့ရတာပေါ့။ ထောင်အာဏာပိုင်တွေနဲ့ အစ်ကိုတို့ ဆက်ဆံပုံကျတော့ Dialouge လမ်းကြောင်းကို ဖွင့်ထားတယ်။  လိုချင်တာရှိရင် ထွက်ပြောတယ်။ ညှိတယ်။ သူတို့ကလည်း သူတို့ တတ်နိုင်တာရှိရင် လုပ်ပေး တယ်။ မတတ်နိုင်လည်း သူတို့ ဆက်တင် ပြတယ်။ အဲဒီလမ်းကြောင်း တစ်ခု ကို ဖွင့်ထားတယ်။ နောက်ပြီး စာ အုပ်စာပေ ဖတ်ရတယ်။ အိမ်ကို ပုံမှန် စာရေး ခွင့်ရတယ်။ ဂျာနယ် တွေလည်းအမြဲဖတ်ခွင့်ရတဲ့အတွက် အပြင်က အခြေအနေကို အမြဲ လေ့ လာလို့ရတယ်။ အားကစားလည်း လုပ်လို့ရတယ်။ တီဗီလည်း ကြည့် လို့ရတယ်။   နောက် ဗီဒီယိုကိုလည်း စနေ၊ တနင်္ဂနွေ နှစ်ရက် ကြည့် လို့တယ်။ နောက် အစ်ကိုတို့က တိုက် ထဲမှာနေရတာ။ အဆောင်ထဲက အကျဉ်းသားတွေကျတော့အစ်ကိုတို့ တိုက်က တိုက်ရိုက်သွားပြီး ချိတ် ဆက်လို့မရဘူး။ အဲဒါမျိုးကျတော့  ဒီဘက်မှာ ငါတို့ ရှိနေတဲ့ သဘောမျိုး အချက်ပြတယ်။

အစ်ကို့အနေနဲ့ ရှေ့ဆက် ဘာလုပ်ဖို့ရှိလဲ။
ရှေ့ဆက်ပြီးBlogger တစ် ယောက်အနေနဲ့ ဆက်ရပ်တည် မယ်။ Blog လည်း ပြန်ရေးမယ်။ Facebook Account လည်း ဖွင့် ထားပြီးပြီ။ နောက်ပြီးPress Media   တွေမှာ ဖြစ်နိုင်ရင် ဝင်ရေး ချင်တယ်။ ထောင်ထဲမှာလည်း တောက်လျှောက်အိမ်ကို ပေးစာ သဘောမျိုးနဲ့ ရေးနေတာတွေ ရှိ တယ်။ အခုတောက်လျှောက်လေ့ လာနေတာတွေ ရှိတယ်။ နောက် အိုင်တီသမားတွေပေါ့။ အခုချိန်ထိ အိုင်တီသမားတွေ အနေနဲ့ ဘယ်သူ မှ ထွက်ပြောတာ မရှိသေးဘူး။

ထောင်ကလွတ်လာတဲ့ ဦးနေ၀င်းမြေးနဲ့ တွေ့ဆုံခြင်း

0 ဝေဖန်ချက်များ
http://7daynewsjournal.com မှာ ဖော်ပြထားတာပါ

ဇွဲနေ၀င်းနှင့် တွေ့ဆုံခြင်း

၂၀၀၂ ခုနှစ်မှစတင်၍ အစ်ကိုနှစ်ဦးဖခင်တို့နှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဖခင်ဖြစ်သူနှင့်အတူ လွတ်မြောက်လာသော
ကိုဇွဲနေ၀င်းနှင့် ဇန်န၀ါရီ၁၆ရက်တွင်၎င်း၏နေအိမ်၌ တွေ့ဆုံမေးမြန်းထားသည်များမှ ပြန်လည်ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။ ကိုဇွဲနေ၀င်းမှာ ဗိုလ်ချုပ်ကြီးဟောင်း
ဦးနေ၀င်း၏မြေး၊ ဒေါ်စန္ဒာဝင်း၏ သားဖြစ်သည်။ ၎င်းလွတ်မြောက်လာသော်လည်း အစ်ကိုဖြစ်သော ကျော်နေ၀င်းနှင့် အေးနေ၀င်းတို့မှာလွတ်မြောက်ခြင်း မရှိသေးပေ။

ကိုဇွဲနေ၀င်းထွက်လာပြီး ဘယ်တွေကို သွားပြီးသွားပြီလဲ။

ကျွန်တော်ပြန်ရောက်ပြီးတော့ အန်ကယ်ဦးခင်ညွန့်ဆီသွားလိုက်တယ်။ အန်ကယ်ဦးခင်ညွန့်နဲ့လည်းတွေ့တယ်။ ရွှေတိဂုံဘုရားသွားသေးပါတယ်။ ရန်ကုန်မြို့ထဲ နည်းနည်းပါးပါးရောက်တယ်။ ဘယ်သူဘယ်ဝါနဲ့မှတော့သွားပြီး မတွေ့ရသေးဘူး။

အတွင်းထဲနေခဲ့တဲ့ အတွေ့အကြုံပြန်ပြောပြပေးပါလား။
အတွင်းထဲနေခဲ့တဲ့ အတွေ့ အကြုံကတော့ ကျွန်တော်ထွေထွေထူးထူးကြီးတော့ ပြောစရာမရှိပါဘူး။ ထောင်စည်းကမ်းနဲ့ နေရင်တော့ ထောင်လိုနေလို့ရတာပေါ့။အိမ်နဲ့
မတူတာတွေပဲရှိပါတယ်။

လွတ်မယ်လို့ ကြိုပြီးသိထားလား။
ကြိုပြီးသိထားလားဆိုတော့ ကြေညာလိုက်တဲ့အချိန်မှာ သိသွားတာပေါ့။

လွတ်ပြီလို့သိတော့ ပထမဆုံးပေါ်လာတဲ့ ခံစားချက်က။
အဲ့ဒီမှာတုန်းက ခါတိုင်းလည်း ဘယ်လောက်ရှိမလဲ။ နိုင်ငံတော်ပေးတာပေါင်း လက်ချိုးရေလို့ မရတော့ဘူး။ နိုင်ငံတော်တွေကျွန်တော်ကြုံခဲ့တာများပြီ။ ဘယ်လို ပြောရမလဲ။ အရေထူတယ်လို့ပဲ ပြောရမလား။ ပါရင်လည်းပါမှာပေါ့လေ။ မပါရင်လည်းမပါဘူးပေါ့လေဆိုပြီးတော့။ ဒါပေမဲ့ ဆုတော့တောင်းပါတယ်။ ပါသင့် ပါထိုက်တဲ့သူတွေ။ ကိုယ့်ထက်ကြာနေတဲ့သူတွေရှိရင်ရှိမယ်ဗျာ။ ကိုယ့်ထက်နေမကောင်းတဲ့သူ တွေရှိရင်ရှိမယ်ဗျာ။၊ မြန်မြန်ပါသင့်တဲ့သူတွေလည်း မြန်မြန်ပါကြပါစေပေါ့။ မိသားစုနဲ့ဝေးနေတဲ့သူတွေပေါ့။ အဲ့ဒီတုန်းကတော့ ကျွန်တော် ဆုတောင်းပေးပါတယ်။

အဲ့ဒီတော့ ၂၀၀၂ က အနေအထားနဲ့ ဘုရားလည်းသွားပြီးပြီ၊ ဦးခင်ညွန့်ဆီလည်းသွားပြီးပြီ၊ လမ်းတစ်လျှောက်လည်း နည်းနည်းပါးပါးတွေ့ပြီးပြီဆိုတော့ ရန်ကုန်ကို ဆယ်
နှစ်လောက်အတွင်း ဘာတွေပြောင်းလဲသွားတယ်လို့ အစ်ကိုမြင်လဲ။
ရန်ကုန်မှာကတော့ တိုးတက်တယ်လို့တော့ပြောလို့ရပါတယ်။ နောက်လှသွားတဲ့နေရာတွေလည်းရှိသလို အလှပျောက်သွားတဲ့ နေရာတွေလည်းရှိမှာပေါ့လေ။

စာစောင်တွေ၊ သတင်း စာတွေ၊ ရေဒီယို၊ တီဗီတွေရော ဖတ်ရကြည့်ရလား။
စာစောင်တွေတော့ ဖတ်ရပါတယ်။ တီဗီလည်း အများနည်းတူကြည့်ရပါတယ်။ သတင်းစာ၊ ဂျာနယ်တွေ။ အဲ့ဒါကပဲ ကျွန်တော်တို့အတွက် အစားအစာတွေလိုပေါ့ အရသာခံလို့ရတဲ့အစားအစာလိုဖြစ်ခဲ့တာပေါ့။

လူငယ်ဘ၀မှာ ဆယ်နှစ်ကျော်ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတော့ တစ်နေ့တာ၊ တစ်နေ့တာကို ဘယ်အတွက် အချိန်အများဆုံး အသုံးပြုပါသလဲ။
များသောအားဖြင့်ကတော့ တရားနဲ့ပါပဲ။ ဘာသာရေးလုပ်ဖြစ်နေတော့ တရားနဲ့ပဲဖြေပါတယ်။ အဲ့ဒါကတော့ အကောင်းဆုံးနည်းပါပဲ။

ဒါဆိုစာစောင်တွေလည်း ဖတ်ရတယ်၊ သတင်းစာတွေလည်းဖတ်ရတယ်ဆိုတော့ လက်ရှိသမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရအပေါ် ဘယ်လိုမြင်ပါသလဲ။
ဒါကတော့ ကောင်းပါတယ်လို့ ကျွန်တော်ပထမဆုံးပြောချင်ပါတယ်။ သူလုပ်တာ တစ်နှစ်မပြည့်သေးဘူး။ လွတ်ငြိမ်းချမ်းသာပေးတာ လေးကြိမ်မြောက်ဖြစ်သွားပြီ။ သူ့ရဲ့စေတနာကိုတော့ အသိအမှတ်ပြုရပါတယ်။ သူ့မှာလည်း အခက်အခဲတွေရှိမှာပဲ။ ဒါကြောင့်ပါတဲ့သူလည်းပါတယ်။ မပါသေးတဲ့သူလည်းမပါဘူးပေါ့။ ဒါကိုတော့ နားလည်ပေးရမှာပေါ့။

လက်ရှိ နိုင်ငံရေးအခြေအနေကိုရော ဘယ်လိုမြင်လဲ။
နိုင်ငံရေးအနေအထားကတော့ကြည့်ရတာကောင်းပါတယ်။ ကြည့်လို့ကောင်းတယ်ပေါ့။ သမ္မတကြီးက သူလည်းတော်တယ်။ တပ်မှာကတည်းက အစဉ်အလာနဲ့ လာတဲ့ သူလေ။ သူလည်းတော်တယ်။ တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ စကားပြောနေပြီဆိုတော့။ ဒါဟာမင်္ဂလာပဲပေါ့။ ကျွန်တော်တို့နိုင်ငံရေးမှာ မင်္ဂလာတွေ စဖြစ်နေပြီပေါ့။ ဒါကို ဆက်ပြီးသွားနိုင်ဖို့ပဲ။ ဆက်သွားနိုင်ဖို့က အဓိကပဲ။အဲ့ဒါကို ၀ိုင်းလုပ်ရမယ်။ ၀ိုင်းလုပ်ရမယ်ဆိုတာမှာ သူပါမှ၊ကိုယ်ပါမှမဟုတ်ဘူး။ တစ်တိုင်းပြည်လုံးက အဲ့ဒါမျိုးတွေ ဆက်ပြီးကောင်းအောင် လုပ်သွားရမယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုဇွဲနေ၀င်းရဲ့အမြင်ကို ပြောပြပေးပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျွန်တော်တို့နိုင်ငံမှာ သူကတော့တကယ်တော်တဲ့ ပုဂ္ဂိုလ်ထဲမှာပါတာပဲ။ နို့မို့ဆို ကျွန်တော်တို့နိုင်ငံကို လူတွေမေ့ချင်မေ့နေမှာ။ ဒေါ်အောင်ဆန်းစုကြည် ရှိနေလို့သာ ကျွန်တော်တို့နိုင်ငံလူတွေသိနေ သေးတာပေါ့။

ဦးသိန်းစိန်အပေါ်မှာရော ဘယ်လိုမြင်လဲ။
တိုင်းပြည်အနေအထားက ဒါကတော့လူပေါ့နော်။ သမ္မတကြီးပေါ့။ ဒါကလူကောင်းလို့ တိုင်းပြည်ကောင်းနေတာပေါ့။ သူသာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းကဆို အခုတိုင်းပြည်တော်တော်ကောင်းနေပါပြီ။ အဓိကကတော့စေတနာ ပေါ့နော်။

မြန်မာနဲ့ နိုင်ငံရေးတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲ။
အဲ့ဒါကတော်တော် ကောင်းတဲ့ဟာပါ။ ကျွန်တော်တို့နိုင်ငံက သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ အမေရိကန်နဲ့ ဒီလိုရလာတာ အင်မတန်ကောင်းတဲ့ဟာပါ။ သူ့ရဲ့ကြိုးစားမှု သူ့ရဲ့အောင်မြင်မှုလို့ပြောလို့ ရတာပေါ့။ တစ်ချိန်ကျရင် ကျွန်တော်တို့နိုင်ငံလည်း ကမ္ဘာ့အလယ်မှာ ပြန်ပြီးထောင်လာနိုင်မှာပါပဲ။ သမ္မတကြီးနဲ့အခုလို အမေရိကန် ဆက်သွယ်နိုင်တာ မင်္ဂလာရှိတယ်။ အောင်မြင်ပါစေ။ လုပ်နိုင်ပါစေလို့ပြောချင်တယ်။

ရှေ့ဘာတွေ ဆက်လုပ်သွားဖို့ စဉ်းစားထားလဲ၊ အစီအစဉ်ရှိလဲ။

ရှိပါတယ်။ ဒါတွေကတော့ ကျွန်တော်ကတော့ လုပ်စရာတွေ အများကြီးရှိပါတယ်။ တိုင်းပြည်ရဲ့ ကောင်းတဲ့ဟာတွေ ဆိုရင်တော့ ဘယ်သူနဲ့မဆို အားပေးရမယ်။ ကူ ညီရမယ်။ ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ပြောလိုက်မယ်။ ကျွန်တော်အခု Political Arena ထဲကိုတော့ ကျွန်တော်မ၀င်ပါဘူး။

ဒါဆို နိုင်ငံရေးတော့ မလုပ်ဘူးပေါ့။

နိုင်ငံရေးတော့ မလုပ်ဘူး။ အဲဒီ Area ထဲတော့ဝင်ဖို့အစီအစဉ် အစကတည်းကလည်းမရှိပါဘူး။ ဒါပေမဲ့တိုင်းပြည်ကောင်းဖို့ ဆိုရင်တော့ ဘယ်သူ့ကိုမဆိုကူညီရမယ်။ ဒါကျွန်တော်တစ်ယောက်တည်း ထားရမယ့်စိတ် မဟုတ်ဘူး။ တစ်တိုင်းပြည်လုံး ထားရမယ့်စိတ်ပါ။ ပြည်သူအားလုံးက အဲ့ဒီစိတ်မွေးရင် ကျွန်တော်တို့တိုင်းပြည် မတိုးတက်ဘူးဆိုတာ မရှိပါဘူး။ ကောင်းတာ လုပ်နေတာရှိရင် ၀ိုင်းလုပ်ကြ။ မကောင်းတာ လုပ်နေတာရှိရင် ၀ိုင်းတားကြပေါ့။

အစ်ကိုရဲ့မိခင် (ဒေါ်စန္ဒာဝင်း)နဲ့စတွေ့တဲ့အချိန် ခံစားချက်ကိုပြော ပေးပါလား။

အမေနဲ့ မတွေ့တာတောက်လျှောက်ပဲ။ ကိုးနှစ်ကျော်၊ ဆယ်နှစ်လောက်ရှိပြီ။ အမေ့ကို စတွေ့ချင်းမှာ သနားတယ်။ အစ်ကိုနှစ်ယောက်က ကျန်သေးတယ်လေ။

အတွင်းထဲမှာကျန်ခဲ့တဲ့ ကိုကျော်နေ၀င်းနဲ့ အေးနေ၀င်းတို့ရဲ့ အခြေအနေကရော။

အစ်ကိုတွေက ကျန်းမာပါတယ်။

ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ကျန်ခဲ့တဲ့သူတွေလည်း အမြန်ဆုံးလွတ်ပါစေလို့ ဆုတောင်းပါတယ်။

ခွင့်လွှတ်တယ်၊ မေ့ပစ်ဖို့တော့မဟုတ်ဘူး

0 ဝေဖန်ချက်များ
@ News-Eleven


အဆုံးမရှိလို့တွေးခဲ့တဲ့ ပူဆွေးဝမ်းနည်းမှုတွေကိုခံစား
သေခြင်းတရားနဲ့ ညကာလထက် မှောင်မိုက်တဲ့ အမှားတွေကို ခွင့်လွှတ်
ထာဝရ တည်မြဲမယ်ထင်ရတဲ့ အာဏာကို ဖီဆန်ရင်း
ဘယ်တော့မှ မပြောင်းလဲ၊ မပြိုလဲ၊ နောင်တမရတတ်တဲ့ မျှော်လင့်ချက်က
သူဟိုးအရင်ထဲက တွေးမျှော်ထားတဲ့အရာကို
သူ့ရဲ့ အပျက်အစီးပုံထဲကနေပဲ ဖန်တီးလာနိုင်တဲ့အထိ
ချစ်ခင်၊ သည်းခံ၊ မျှော်လင့်ရဲ့
အိုး၊ အသင် တိုက်တန်၊
ဤမျှော်လင့်ချက်သည်လည်း
ဂုဏ်သရေရှိသော အသင်နှင့် အလားတူပင်
ကောင်းမြတ်၊ ကြီးကျယ်၊ ပျော်ရွှင်၊ လှပ၊ လွတ်မြောက်ပေပြီ။
ဤမျော်လင့်ချက်သည်သာ ဘ၀၊ ပျော်ရွှင်မှု၊ အင်ပါယာ၊ အောင်ပွဲ . . .။

''ပီဘီရှယ်လီ၏ ပရိုမီးသီးယပ်စ် နှောင်တည်းမှ လွတ်မြောက်ခြင်း ကဗျာရှည်မှ''
ညည့်နက်သန်းခေါင်ကျော်သည်အထိနေပြီး ဘယ်တော့မှ အစောကြီးမနိုးတတ်သော ကျွန်တော် ထိုနေ့က အစောကြီးနိုးနေပါသည်။ ရှယ်လီပြောခဲ့သော ဘယ်တော့မှ မပြောင်းလဲ၊ မပြိုလဲ၊ နောင်တမရတတ် တဲ့ မျှော်လင့်ချက်က ကျွန်တော့ကို နိုးကြားစေခဲ့သည်ဟု ထင်သည်။ အနောက်တိုင်းအယူအဆအရ ကံမကောင်းတတ်သော ၁၃ ရက်၊ သောကြာနေသည့် မြန်မာနိုင်ငံအတွက်တော့ ကံကြမ္မာကောင်းများ ကို ဆောင်ကြဉ်းလာမည့်နေ့ ဖြစ်လာခဲ့ပြီလားမသိ။
နိုင်ငံရေးအကျဉ်းသား ဆိုသော စကားလုံးထက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (prisoners of conscience) ဟု နှစ်ဖက်အဆင်ပြေအောင် သုံးကြသည်။ ယုံကြည်ချက်ကြောင့်ဟု သုံးလျှင် အပြင်ကလူတွေက ယုံကြည်ချက်မရှိသလိုများ ဖြစ်နေသလားဟု တွေးမိသည်။ ဟုတ်လည်း ဟုတ်နိုင်ပါသည်။ သို့တည်းမဟုတ် ယုံကြည်ချက်ပြင်းထန်သောကြောင့် အကျဉ်းကျခံနေရသူများဟု သုံးရလျှင် ပိုကောင်းမည်ထင်သည်။ ကျွန်တော်ကတော့ မျှော်လင့်ချက်ကြောင့် အကျဉ်းကျခံနေရသူများဟု သုံးချင်ပါသည်။

ဝါးပျံဖြင့် ထုထားသော ရဟန္တာရုပ်တု ဈာန်ဖြင့် ကြွချီလျက်ရှိ

0 ဝေဖန်ချက်များ
အင်းတော်၊ ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ အိမ်တစ်အိမ်မှ ဝါးပျံဖြင့် ထွင်းထုထားသော ဉာဏ်တော် ငါးလက်မ အမြင့်ရှိ ရဟန္တာရုပ်တု တစ်ဆူသည် ဒီဇင်ဘာ ၂၇ ရက် နံနက် ၆ နာရီမှ စတင်ကာ ဘယ်ညာလှည့်ကာ သက်ဝင်ဈာန်ကြွမှုစခဲ့ကြောင်း သိရသည်။ အဆိုပါ ရဟန္တာရုပ်တု သက်ဝင်ဈာန်ကြွချီမှုကို လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရဟန္တာရုပ်တုကို ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ကိုနေမင်းထွန်းက လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်တွင် ခမိုးကျေးရွာ ကျောက်မဲတောင်မှ သစ်ပင် တစ်ပင်ပေါ်ပေါက်နေသော ဝါးပျံသားဖြင့် ခမိုးရွာရှိ ပန်းပုဆရာ ကိုပုထံတွင် ဉာဏ်တော်ငါးလက်မခန့်ရှိ ရဟန္တာလေးဆူကို ထွင်းထုခဲ့ကာ အိမ်တွင် ကိုးကွယ်ခဲ့ကြောင်း၊ အဆိုပါရုပ်တုမှာ ဒီဇင်ဘာ ၂၇ ရက်တွင် ဘယ်ညာလှည့်ခြင်းကို စတင်တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် အရှေ့ဘက်ကို မျက်နှာပြုပြီး ကိုးကွယ်ထားရာမှ မြောက်ဘက်ကိုလှည့်နေခြင်းကို တွေ့မြင်ရကြောင်း၊ ထို့နောက် ကြွက်တိုးသောကြောင့် လှည့်နေသည်ဟု အထင်ဖြင့် အရှေ့ဘက်ကို ပြန်လှည့်ပြီး ထိုင်စကားပြောနေစဉ် ၁၅ မိနစ်ခန့်အကြာတွင် ပြန်ကြည့်လိုက်ရာ ရဟန္တာရုပ်တုမှာ တောင်ဘက်သို့ မျက်နှာမူလျက် ထပ်မံတွေ့ရှိရကြောင်း ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ကိုနေမင်းထွန်း၏ ဇနီးက ပြောသည်။

“ရဟန္တာရုပ်တုက ဒီဇင်ဘာ ၃၀ ရက်မှာဘုရားစင်ပေါ်က အလယ်ဘုရားပန်းအိုးကို မွန်းလွဲ ၃ နာရီလောက်မှာ ကြွချီတော်မူတယ်။ ဒီဇင်ဘာ ၃၁ ရက် မနက် ၇ နာရီမှာတော့ အလယ်ဘုရားပန်းအိုးကနေ မြောက်ဘက်မှာရှိတဲ့ ဘုရားပန်းအိုးကို ပြန်ကြွချီခဲ့တယ်။ လွတ်လပ်ရေးနေ့ မနက် ၇ နာရီမှာတော့ မြောက်ဘက် ဘုရားပန်းအိုးကနေ အလယ် ဘုရားပန်းအိုးကို ပြန်ကြွခဲ့တယ်။ ကျွန်မတို့ ကိုယ်တိုင် မြင်တွေ့နေကြရတာပါ” ဟု ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်မှ ဒေါ်စောပိုက ပြောသည်။ “အခု မနက် ၁၀ နာရီမှာ ကျွန်မလာဖူးတော့ ရဟန္တာက အလယ်ဘုရားပန်းအိုးက တောင်ဘက်ဘုရားပန်းအိုးကို ရောက်နေတာတွေ့ရတယ်။ မွန်းလွဲ ၁ နာရီလောက်မှာ ပြန်လာဖူးတော့ အလယ်ဘုရားပန်းအိုးမှာ ရောက်နေတာတွေ့ရပါတယ်” ဟု ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ဒေါ်ကြည်မြင့်က ပြောသည်။ ယခင်က အဆိုပါ ဝါးပျံသားဖြင့် ရဟန္တာလေးဆူ ထွင်းထုခဲ့သော်လည်း ကျန်ရဟန္တာသုံးဆူမှာ မည်သည့်နေရာတွင် ရောက်နေမှန်း မသိရ၊ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက် ကိုနေမင်းထွန်း၏ နေအိမ်ရှိ ဘုရားစင်ပေါ်၌ ပန်းအိုးများပေါ်တွင် ဝါးပျံဖြင့် ထွင်းထုထားသော ငါးလက်မရှိ ရဟန္တာတစ်ဆူသည် သက်ဝင်ဈာန်ကြွမှု ရှိနေသည့်အတွက်ကြောင့် ရဟန္တာဖူးလာသူများ နေ့စဉ် တဖွဲဖွဲရောက်ရှိနေကြကြောင်း သိရသည်။
By Yangon Times Journal

မမ ပြောတဲ့ ဦးခင်ညွန့်ဆောင်းပါး ရေးဖြစ်ပုံ

0 ဝေဖန်ချက်များ
ot News ဂျာနယ် အယ်ဒီတာချုပ် ဆရာမ မမ ၏ သောကြာနေ့ထုတ် ဂျာနယ်တွင် “ဦးခင်ညွန့်နှင့် ဒေါက်တာ ခင်ဝင်းရွှေတို့၏ ငြိမ်းချမ်းမှုများဖြင့် မင်္ဂလာရှိသော နေ့တနေ့” ဆောင်းပါး ပါရှိလာရာ၊ ဝေဖန်မှုများ ဖြစ်ပေါ် လာခဲ့သည်။

ဆောင်းပါးရေးဖြစ်ပုံ၊ ဦးခင်ညွန့်အပေါ်အမြင်၊ ဝေဖန်မှုများအပေါ် တုန့်ပြန်မှုများကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဒေါ်မမ ကို ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

Hot News မှာ ဦးခင်ညွန့်အကြောင်း ဆောင်းပါးရေးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အတော်များများ ပြောစရာ ဖြစ်သွား ခဲ့တယ်။ ဆောင်းပါးရေးဖြစ်ပုံလေး ပြောလို့ရမလား။

“ဒီဟာက ကျမ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ကျမရဲ့ စာမျက်နှာတွေကို ကြည့်လို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ကျမ Public ဘက်ကပဲ အမြဲရပ်တယ်ဆိုတာ Public သိပါတယ်။ အဲဒါကို တတ်နိုင်သလောက် အားနည်းတဲ့လူကို ကျမ တတ်နိုင် သလောက် Carry လုပ်ပါတယ်။ ကျမ ပွင့်ပွင့်လင်းလင်း ပြောရရင် ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းနဲ့ဘဲ အားလုံးကို တည်ဆောင်စေချင်တဲ့ ဆန္ဒကျမမှာရှိပါတယ်။ အဲဒီအတွက်ကြောင့် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ကျမမြင်တဲ့အမြင်နဲ့ ပြောရရင် အားလုံးလည်း မှန်ချင်မှ မှန်မယ်ပေါ့။ ကျမလည်း လူဖြစ်တဲ့အတွက် ကျမမှာ အားနည်းချက်တွေ ရှိနိုင်ပါတယ်။”

“တပ်မတော်ဆိုတာ အမိန့်တခုတည်းအောက်မှာ သွားကြရတယ်။ ... တာဝန်အရလုပ်ရတာတွေရှိတယ်။ ကျမကတော့ လူမှုရေးနဲ့ အလုပ်တာဝန်တွေကို ကျမတို့တိုင်းပြည်က လူတွေကို ခွဲမြင်စေချင်တယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အားလုံး မှန်တယ်လို့လည်း ကျမမပြောလိုပါဘူး။ ကျမကိုယ်တိုင်လည်း အားလုံး မှန်ချင်မှ မှန်ပါလိမ့်မယ်။ အဲဒီစိတ်နဲ့ ကျမရေး ခဲ့တာပါ။”

“ကျမ ဒီလိုရေးတယ်ဆိုတာသည် ကျမ Follow Up ပဲ လိုက်လို့ရတယ်။ ကြည့်လိုက်တဲ့အချိန်မှာ အားလုံးက ကိုမင်းကိုနိုင်ကို High Light ထိုးထားတယ်။ ကျမ ကိုယ်တိုင်လည်း ဂျာနယ် ရောင်းကောင်းအောင်လို့ ရေးမယ်ဆိုရင် ကိုမင်းကိုနိုင် ကျမ လည်း ရေးလို့ရပါတယ်။ ဒါပေမယ့် ကျမသတင်းသမားပါ။ အဲဒီအတွက် ကျမ ဗိုလ်ချုပ်ကြီးခင်ညွန့်က အိမ်တွင်းမှာ ပြောတဲ့ စကားကို ကျမက ကံတရားအရ ကျမ ရလိုက်သိလိုက်တဲ့အတွက် ကျမ ဒီဟာလေးကို ကျမ Public အတွက် သူများတကာတွေ မတင်ထားသေးတဲ့သတင်း တခုကို ဖြန့်ဝေချင်တဲ့ စိတ်ဆန္ဒနဲ့ ရေးလိုက်တာလည်း ပါပါတယ်။ ကျန်တာကတော့လည်း ဒီမိုကရေစီကို လိုချင်ပါတယ်။ သက်ဝင်ပါတယ် ဆိုတဲ့လူတွေ အကုန်လုံးကလည်း သေသေချာချာ တွေးနိုင်ရမယ်လို့ ကျမထင်ပါတယ်။ အကုန်လုံးက လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိတဲ့အတွက် ကျမ ဘယ်သူ့ကိုမှ ဘာမှမမြင်ပါဘူး။”

MaMa
တတ်နိုင်သလောက် အားနည်းတဲ့လူကို ကျမတတ်နိုင်သလောက် Carry လုပ်ပါတယ် (ဓါတ်ပုံ Hot News)

ဦးခင်ညွန့်နဲ့ မိသားစုလို၊ ဆရာတပည့်လို ရင်းနှီးတဲ့ ဆက်ဆံရေးရှိမယ် ထင်တယ်။ လွတ်လာလိမ့်မယ်လို့ ကြိုတင် မျှော်လင့်ခဲ့လား။

“မရှိပါဘူးရှင့်၊ ကျမကိုယ်တိုင်ကို ဘဘကို လွတ်မယ်လို့ ကျမ မထင်ခဲ့ပါဘူး၊ ဘဘကော ကိုမင်းကိုနိုင်ကော၊ ကိုကိုကြီးကော ဒီသုံးယောက်ကိုတော့ နောက်ဆုံးမှ လွတ်မယ်လို့ ကျမ ကိုယ်တိုင်လည်း ထင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ဆီ ကျမသွားတဲ့ဟာက ကိုယ့်ထက် အသက်အားဖြင့် ဂုဏ်အားဖြင့် ကြီးမြတ်တဲ့ လူတယောက်ဖြစ်တဲ့အတွက် ကျမလည်း အခုလို ကျန်းကျန်းမာမာ တွေ့ရတဲ့အတွက် ဝမ်းသာတယ်ဆိုပြီးတော့ ကျမ မိသားစုစိတ်နဲ့ ကျမ ထိုင်ကန်တော့ခဲ့ပါ တယ်။ ဒါသည် ကျမ ရိုးရှင်းစွာပြောတာပါ။ ကျမ သတင်းသမားတယောက်အနေနဲ့ ဆက်ဆံတာလည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမား တယောက်အနေနဲ့ ဆက်ဆံတာလည်း မဟုတ်ပါဘူး။ မေတ္တာတရားနဲ့ လူတယောက် အားနည်းတဲ့ အချိန်မှာ သူစိတ်ဓာတ် ကျမနေသော်လည်း ကျမ ကိုယ်လုပ်ရမယ့်တာဝန်ကို လုပ်လိုက်တာပဲဖြစ်ပါတယ်။ ကျမ ရေးထားတာသည် ခေါင်းဆောင် တယောက်အနေနဲ့ သူ့ထောက်လှမ်းရေး မိသားစုတွေကို တရားချနေတာကို ကြည့်ပြီးတော့ အဲဒါကိုပဲ ကျမပြန်ရေးထား တာပါ။ ကျမက သူတို့ မိသားစုလေး ငြိမ်းချမ်းသွားတယ်လို့ ကျမ ဒါလေးကို ရေးလိုက်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို မိသားစုသဏ္ဍန်နဲ့ပဲ ကျမ သွားတွေ့ခဲ့တာဖြစ်ပါတယ်။”

Friday, January 20, 2012

ဦးသိန်းစိန်ရဲ့ ပထမဆုံး ပြည်ပ မီဒီယာ အင်တာဗျူး

0 ဝေဖန်ချက်များ
ဦးအောင်ဆန်းဓာတ်ပုံရှေ့က အထင်ကရ ၂ ဦး (ဓာတ်ပုံ - ဧရာဝတီ)

....ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဖြစ်တော့ ကျနော်တို့ ၂ ဦး နားလည်မှု ရခဲ့ကြပါတယ် 
.... ပြည်သူတွေက သူ့ကို မဲပေးရင်တော့ သူက လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမှာပါ။ လွှတ်တော်ကလည်း သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ် ဆိုတာ ကျနော် သေချာပေါက် ပြောရဲပါတယ်။ ဒါ ကျနော်တို့ရဲ့ အစီအစဉ်ပါ ....

.... တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ကျနော်တို့ ယုံကြည်မှု တည်ဆောက်ပြီးပါပြီ။ အကြောင်းအရာတချို့ကို ကျနော်တို့ သဘောတူညီချက် ရပြီးပါပြီ ....

.... အမေရိကန်နဲ့ ဥရောပ သမဂ္ဂက ကျနော်တို့နိုင်ငံကို စီးပွားရေးပိတ်ဆို့ထားပါတယ်။ ခုဆိုရင် အနှစ် ၂၀ နီးပါး ရှိပါပြီ။ အဲဒါတွေ လျှော့ပေးတာ ပိတ်ဆို့ဒဏ်ခတ်တာတွေ ရုပ်သိမ်းသွားတာ ကျနော် မြင်ချင်ပါတယ် ....

.... အနောက်နိုင်ငံတွေက ကျနော်တို့ကို ဖြစ်စေချင်တာ ၃ ခု ရှိပါတယ်။ ပထမ - နိုင်ငံရေးအကျဉ်းသား လွှတ်ရေး။ ဒုတိယက ရွေးကောက်ပွဲ။ တတိယ - ကျနော်တို့ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားပုဂ္ဂိုလ်တွေ ပါဝင်ရေး။ ဒီ ၃ ချက်စလုံးကို ကျနော်တို့ ဆောင်ရွက်ပြီးပါပြီ။ လိုနေတာကတော့ အနောက်နိုင်ငံတွေဘက်က ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်ရမယ့် အပိုင်းပါပဲ။ ဒီ ၃ ချက်ကို ဆောင်ရွက်ခဲ့တယ် ဆိုတာက ကျနော်တို့နိုင်ငံ ဖိအားပေးခံရလို့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး၊ ကျနော်တို့နိုင်ငံအတွက် လိုအပ်တယ်လို့ ယူဆတဲ့အတွက် ဆောင်ရွက်ခဲ့တာပါ ....

ဒါတွေက
Washington Post သတင်းစာ အွန်လိုင်းမှာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း ဖော်ပြလိုက်တဲ့ အင်တာဗျူးထဲက ကောက်နှုတ် ဘာသာပြန်ချက်တွေ ဖြစ်ပါတယ်။
ဦးသိန်းစိန်က ပြည်ပစာနယ်ဇင်းကို ပထမဆုံးအကြိမ် အင်တာဗျူးပေးလိုက်တာပါ။
Washington Post အင်တာဗျူး မူရင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။


The Lady

0 ဝေဖန်ချက်များ

 
The Lady ရုပ်ရှင်ကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို အများက ပိုသိလာကြမယ်လို့ မျှော်လင့်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မစ်ရှယ်လ် ပြောပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်သည့် မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီး မစ်ရှယ်လ် ယို
ဒီရုပ်ရှင်ဟာ နိုင်ငံရေးအကျပ်အတည်း နောက်ခံ မယုံနိုင်စရာ အချစ်ဇာတ်လမ်း တခုဖြစ်ကြောင်း၊ ပိုပြီးအရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်လမ်းဟာ အနှစ် ၂၀ ကြာခဲ့ပြီဖြစ်လို့ လူအတော်များများက မေ့ပျောက်သွားတာ၊ နားလည် သဘောမပေါက်တာတွေ ရှိကြောင်း၊ ရုပ်ရှင်မင်းသမီး မစ်ရှယ်လ် ယိုးက ဆိုပါတယ်။
 
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မစ်ရှယ်လ် ယိုးဟာ ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုယ်တိုင် တွေ့ခဲ့ သူ ဖြစ်ပါတယ်။ 

မှတ်ချက်။ ။ The Lady ရုပ်ရှင်အား မြန်မာပြည်တွင်းမှပါ ကြည့်ရှုနိုင်အောင် 
The Lady ရုပ်ရှင်မှ စိတ်ဝင်စားစရာ အခန်းများကို ဆက်စပ်တင်ပြပေးလိုက်ပါတယ်။ 
By: သစ်ထူးလွင်

ရွေည၀ါဆရာတော် ကျောင်းတိုက်မှတလအတွင်းထွက်ခွာရမည်

0 ဝေဖန်ချက်များ
ဓါတ်ပုံ(YPI)

ရွှေညဝါဆရာတော် ဦးပညာသီဟကို တလအတွင်း သာဓုကျောင်းတိုက်က ဖယ်ပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ က ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ် ။ "၁၉-၂-၂၀၁၂ ရက်နေ့ (တနင်္ဂနွေနေ့)ညနေ ၁၆း ၃၀ အချိန် နောက်ဆုံးထားပြီး သာဓုကျောင်းတိုက်က ထွက်ခွာပေးပါမည် ဟု ဝန်ခံကတိပြုပါသည် ။ ကျောင်းတိုက်မှ မထွက်ခွာမည် ကာလအတွင်း သာဓုကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သမျှ ကာလပတ်လုံး ပြဿနာ တစုံတရာမဖြစ်ပွားစေရန် သံဃာ့အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာ သီတင်းသုံးနေထိုင်၍ ထွက်ခွာမည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်" ဟု ရေးထားတဲ့ စာရွက်တွင် ဆရာတော် ဦးပညာသီဟက လက်မှတ်ရေးထိုးခဲ့ပြီး နေ့လည် ၂နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကြီး တည်ရာဌာနမှ ပြန်လည်ထွက်ခွာလာပြီး သာဓုကျောင်းတိုက်သို့ ရောက်ရှိနေပြီ လို့ သတင်းရရှိပါတယ် ။

By: သစ်ထူးလွင်

Thursday, January 19, 2012

ခရိုင်ကော်မရှင်ရုံးရောက် NLD ခေါင်းဆောင်

0 ဝေဖန်ချက်များ
ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးကို ဒီမနက် သွားရောက်ပြီး အမည်စာရင်းတင်သွင်းလွှာ ပေးပို့ပါတယ်။
က်ာမရှင်ရုံးရှေ့မှာ စောင့်ဆိုင်းနေသူတဦးက
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ပူးပေါင်းဆောင်ရွက်တာကို ထောက်ခံကြိုဆိုပါတယ် လို့ ဆိုပါတယ်။ (ဓာတ်ပုံများ-ဧရာဝတီ)
 






နေပြည်တော် နှစ်နေရာအတွက် ၈၈ နှင့် ဟစ်ဟော့အဆိုတော်ကို NLD ရွေး

0 ဝေဖန်ချက်များ
ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း နောက်ဆုံး
ရွေးချယ်မှုတွင် သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မန္တလေးတိုင်း ဇမ္ဗူသီရိမြို့နယ်တွင် ၈၈ မျိုးဆက်ကျောင်းသူ မစန္ဒာမင်းနှင့် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အနိုင်ရခဲ့သည့် ပုဗ္ဗသီရိမြို့နယ်တွင် ဟစ်ဟော့အဆိုတော်
ဇေယျာသော်တို့က ဝင်ရောက်အရွေးခံမည်ဟု သိရသည်။

အသက် ၄ဝ ခန့်ရှိ မစန္ဒာမင်း (ခ) ရွှီး မှာ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး မတရားသင်းနှင့် ဆက်သွယ်မှု၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုတို့ဖြင့်ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရကာ ဇန်နဝါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြောင်းမြထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံမည့် ဟစ်ဟော့ အဆိုတော် ဇေယျာသော် (ခ) ဖြိုးဇေယျာသော်မှာ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) ကို တည်ထောင်သူတဦးဖြစ်ပြီး ၂ဝဝ၈ ခုနှစ်အတွင်းက မတရားအသင်းထူထောင်မူ၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် လေးနှစ် ကျခံခဲ့ရပြီး ၂ဝ၁၁ မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ တဦး ဖြစ်သည်။

ZYT1
နိုင်ငံရေးသမားတယောက်ဖြစ်ဖို့တော့ ကျနော့်မှာ ကြိုးစားစရာတွေ လေ့လာစရာ တွေ အများကြီး ရှိပါသေးတယ်ဟု ဆိုသည့် ဇေယျာသော် (ဓါတ်ပုံ မဇ္ဈိမ)

ကင်ဂျုံအီ ဒဏ္ဍာရီနဲ့ နောက်ဆုံးနေ့ရက် မဟာဗျူဟာ ရွှေ့ကွက်များ

0 ဝေဖန်ချက်များ
Share
 မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီဟာ သူ့ရဲ့ ဘဝ တစ်သက်တာမှာ ရုရှားကို အကြိမ်တော်တော် များများ သွားရောက်ခဲ့တယ်။ ဒါပေမဲ့ ရုရှားနိုင်ငံ အရှေ့ပိုင်း မှာရှိတဲ့ သူ့ရဲ့မွေးရပ်မြေ Vyatskoye ဆိုတဲ့ ရွာလေးမှာတော့ တစ်ကြိမ်တစ်ခါ လေးတောင် ရပ်နားခဲ့ခြင်းမရှိပါဘူး။ အဲဒီရွာ လေးဟာ နှင်းတွေခဲနေပြီး အများစု က လယ်သမားတွေ ဖြစ်ကြပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားကို ဆက်သွယ်ထားတဲ့ ရထားလမ်း ဘေးမှာ ရှိပါတယ်။ ခေါင်းဆောင် ကင်ဂျုံအီဟာ သူကွယ်လွန်ချိန် အထိ မြောက် ကိုရီးယားနိုင်ငံကို ၁၇ နှစ်ကြာ အုပ်ချုပ်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ဆိုဗီယက်တို့ရဲ့ မှတ်တမ်း အရတော့ ကင်ဂျုံအီရဲ့ဖခင် တပ်နီ တော် အရာရှိ ကင်အီဆွန်း ကို မြောက်ကိုရီးယား ခေါင်းဆောင် အဖြစ် စတာလင်က ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ ဒီမှာ ဆုံဖြစ်ကြတဲ့ အခါတုန်းက သူ့ရဲ့မွေးရပ်မြေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြဖူးတယ်လို့ ကင်ဂျုံအီ ရုရှားနိုင်ငံကို လာရောက်စဉ် နောက်လိုက် အဖြစ် ပါဝင်ခွင့် ရခဲ့တဲ့ ရုရှား သံတမန်ဟောင်း Konstantin Pulikovsky က ပြောပါတယ်။ ကျွန်တော် သူ့ကို နည်းနည်းတော့ ပြောခဲ့ပါတယ်။ သူ့ ဖခင်ရဲ့ အိမ်ကိုလည်း ထိန်း သိမ်း စောင့်ရှောက်ထား ပါတယ်။ ရွာသား တွေကလည်း သူ့ကို အမှတ်တရ ရှိနေကြပါတယ်။ အဲဒီလိုပြောပြတော့ သူကလည်း ဂရုတစိုက်နဲ့ နားထောင် ပါတယ်။ အဲဒီ ရွာသားဖြစ်တယ် ဆို တာကို သူလည်း ဘယ်တုန်းကမှ မငြင်းခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီ ရွာကို သွားချင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။
ကင်ရဲ့မိသားစုနဲ့ ပတ်သက်လို့ ဆယ်စုနှစ်နဲ့ ချီပြီး အမျိုးမျိုး ပြောခဲ့ကြတယ်။ တချို့ကလည်း ဒဏ္ဍာရီ ဆန်ဆန် ပြောဆိုကြတယ်။ ကင်ကို ဂျပန်တွေ သိမ်းပိုက် ထားစဉ် တုန်းက မြင့်မြတ်တဲ့ တောင်ကုန်းထိပ်မှာ မွေးဖွားခဲ့တယ်။ နို့စို့အရွယ်လေး ကင်ကို ကြိုဆိုဖို့ ကောင်းကင်မှာ သက်တန့်နှစ်ခုနဲ့ တောက်ပတဲ့ ကြယ်တစ်လုံး ပေါ်ထွက် လာခဲ့တယ် လို့တောင် ဆိုကြတယ်။ တကယ်တော့ ဒါတွေအားလုံး ဟာကောလာဟလ တွေပါဗျာလို့ ရုရှားသံတမန် ဟောင်းက ဆိုပြန်ပါတယ်။ နိုင်ငံအတွင်း စုစည်း ညီညွတ်မှု ရှိအောင် လုပ်တဲ့ သဘောပါပဲ။ ဒါကိုတော့ ကျွန်တော်တို့ လေးစားခဲ့ပါတယ်ဗျာ။
ကင်ရဲ့ တကယ့် မွေးရပ်မြေ အမှန်နဲ့ ကိုယ်ရေး အချက်အလက်မှန် တွေကိုတော့ မဟာမိတ် အနည်းစုထဲက တစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံမှာပဲ ရှာဖို့ ဖြစ်နိုင်ပါလိမ့်မယ် ။ မြောက် ကိုရီးယားဟာ ဆယ်စုနှစ်ပေါင်း များစွာ အထီးကျန် ဆန်ဆန်နေခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လတုန်းက ရုရှားကို နောက်ဆုံး ခရီးထွက်ခဲ့ပါတယ်။ အဲဒီမှာ ရုရှား သမ္မတ ဒက်မက်ထရီမက်ဗီဒက် နဲ့ တွေ့ဆုံခဲ့ပါ သေးတယ်။ တရုတ်နိုင်ငံရဲ့ သြဇာ ကြီးမားနေမှုကို ရုရှားနဲ့ ထိန်းညှိနိုင်ဖို့ ကင်ရဲ့ နောက်ဆုံးကြိုးပမ်း အား ထုတ်မှုတစ်ရပ် လည်း ဖြစ်ခဲ့ပါတယ်။ ကင်ဟာ အဲဒီလိုအလုပ်တွေ များနေတဲ့ ကြားကပဲ သားထွေးလေး ကင်ဂျုံအန်းကို အောင်အောင်မြင်မြင်နဲ့ အာဏာ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အခုလို ကင် ရုတ်တရက် ကွယ်လွန် သွားခဲ့ပေမယ့် နှစ်နိုင်ငံကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေကတော့ ပျက်ပြယ်သွားမှာ မဟုတ်ဘူးလို့ ရုရှား အရာရှိ တွေ ကတော့မျှော်လင့် ထားပါတယ်။
အနာဂတ် ရုရှား -မြောက်ကိုရီးယား ဆက်ဆံရေးကတော့ မြောက်ကိုရီးယားရဲ့ အနာဂတ် အပေါ်မှာပဲ မူတည်ပါတယ်။ ဒီနေ့ ပြောနေကြ တာတွေကတော့ လေထဲ တိုက် ဆောက်နေ သလိုပဲ ဖြစ်နေဦးမှာ ပါပဲလို့ ရုရှား သံတမန်ဟောင်း Konstantin Pulikovsky က သုံးသပ် ပြောဆိုပါတယ်။  ဒီနေ့ ဘယ် ရုရှားသံတမန်မှ ကင်နဲ့ Pulikovsky တို့ရဲ့ ရင်းနှီးမှုမျိုး မရခဲ့ပါဘူး။ ကင်ရဲ့ မွေးနေ့ပွဲကိုတောင် တက်ရောက်ခွင့် ရခဲ့သူမျိုး ဖြစ်ပါတယ်။ မွေးနေ့ပွဲ တက်တဲ့အခါ ဒီနေ့ ခေါင်းဆောင် နေရာ ဆက်ခံနေတဲ့ ကင်ဂျုံအန်းကို လက်ညှိုး ထိုးပြပြီး ဒါ ငါ့အမွေကို ဆက်ခံမယ့် သူလို့ ပြောပြလေ့ ရှိသူ တစ်ဦးဖြစ်ပါတယ်။ အဲဒီလိုပြောတဲ့အခါ ကင်ဂျုံအန်းလေး ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောပါဘူး။
ကင်ဂျုံအန်းရဲ့ မွေးနေ့အတိ အကျကိုလည်း သိဖို့ ခက်ပါတယ်။ သူဟာ ဘတ်စကက်ဘော အားကစားနည်းကို စွဲလမ်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မြောက်ကိုရီး ယား စောင့်ကြည့်သူ တွေကတော့ ကင်ဂျုံအန်းဟာ အနောက်နိုင်ငံ တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ ဖခင် ထက်တော့ ပျော့ပျောင်းမှု ရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။ ဒါပေ မဲ့ ဒီလို ပြောနေကြတာက လည်း အခုထိတော့ ကိုယ်ထင်ရာ ကိုယ်ပြောနေ ကြတာပဲ ဖြစ်ပါတယ်။ ကင်ဂျုံအန်းလည်း မြောက်ကိုရီးယားရဲ့ အစဉ်အလာ နောင်တော် ကြီးတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားကို အသေကပ်ပြီး ဆက်ဆံသွားမယ့် လမ်းကြောင်းကိုပဲ လိုက်နေဦးမှာပဲလို့ လေ့လာသူ တချို့က သုံးသပ် ကြပါတယ်။ ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်မယ် ဆိုရင် မြောက်ကိုရီးယားဟာ တခြား ဘယ်ဘက်ကိုမှ လှည့်စရာ မရှိပါဘူး။ စီးပွားရေး အရလည်း တရုတ် အပေါ်ကို လုံးဝ မှီခိုနေရတယ်။ သူ့ကိုယ်ပိုင် ဘာမှ ထုတ်နိုင်တာ မရှိဘူးလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့ အာရှရေးရာ ဌာနအကြီးအကဲ Alexander Lukin က သုံးသပ်ပါတယ်။ ကင် ဟာ သူ့ဘဝ ရဲ့ နောက်ဆုံး အချိန်တွေ မှာတော့ ရုရှားနဲ့ ပိုပြီး နွေးနွေးထွေးထွေး ဖြစ်အောင် လုပ်ဆောင် လာတာ တွေ့ရပါတယ်။ မြောက်ကိုရီးယားဟာ တရုတ် တစ်နိုင်ငံတည်း ကိုပဲ မှီခိုနေတာ မဟုတ်ဘူး ဆိုတာကို ပြသလိုတဲ့ သဘောလည်း ဖြစ်ပါတယ်။
ကင်ရဲ့ ဒီလို လုပ်ဆောင်မှုတွေ ဟာ မြောက်ကိုရီးယားဟာ ကစား ကွက်နှစ်မျိုးနဲ့ ရှေ့ဆက်မယ် ဆိုတဲ့ ပုံစံမျိုး တွေ့လာရတာ ဖြစ်ပါတယ်။ ကင် ရုတ်တရက် ကွယ်လွန် သွားပြီ ဆိုတဲ့ သတင်းထွက်ပေါ် လာချိန်မှာ တော့ ရုရှားဟာ မြောက်ကိုရီးယား ခေါင်းဆောင်သစ် ထံကို ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ရု ရှား နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင်လည်း မော်စကိုမှာရှိတဲ့ မြောက် ကိုရီးယားသံရုံး ကိုသွားပြီး ဝမ်းနည်းကြောင်း ပြောဆိုခဲ့တယ်။ ချက် သမ္မတဟောင်း ဗားကလပ် ဟာဗဲ ကွယ်လွန်တာကို ရုရှား ခေါင်းဆောင်တွေ သွားမတက်ခဲ့ပါဘူး။ ၁၉၈ဝ ခုနှစ် နောက်ပိုင်းမှာ ဟာဗဲဟာ ဆိုဗီယက် အုပ်ချုပ်မှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဟာဗဲ သေဆုံးတဲ့ သတင်း ဟာ ရုရှားအစိုးရ ဝက်ဘ်ဆိုက်မှာ တစ်လုံး တစ်ပါဒလေးတောင် ဖော်ပြ ထားတာ မတွေ့ရဘူး။

ဇာဂနာပြောတဲ့ ဇာဂနာ ဘာကြောင့် ဦးခင်ညွှန့်နဲ့ တွေ့ရလဲ

0 ဝေဖန်ချက်များ
စွယ်စုံရ အနုပညာရှင် ကိုဇာဂနာသည် ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာများကြဖြစ်သော ဇင်ဝိုင်း၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်တို့နှင့်အတူ စစ်အစိုးရလက်ထက် ထောက်လှမ်းရေးညွှန်မှူး၊ အတွင်းရေးမှူး-၁ နှင့် ဝန်ကြီးချုပ်တာဝန်များ ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ဇန်နဝါရီလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

တနင်္လာနေ့က ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်ကိုလည်း ကိုဇင်ဝိုင်းနှင့်အတူ တွေ့ဆုံခဲ့သေးသည်။

ဦးခင်ညွန့်သည် ၂ဝဝ၄ ခုတွင် အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးခံရပြီးနောက် ၂ဝဝ၅ ခုတွင် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံခဲ့ရသည်။ ဦးစန်းပွင့်မှာလည်း သူနှင့်အတူ အမှုတွဲအဖြစ် အဖမ်းခံခဲ့ရသည်။

ဦးခင်ညွန့်တို့အား သွားရောက်တွေ့ဆုံခဲ့ရသည့် အကြောင်းများနှင့်ပတ်သက်၍ ကိုဇာဂနာအား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားသည်။
-------------------------------
ဦးခင်ညွန့်နဲ့ သွားတွေ့တယ် ကြားလို့ပါ။

“၁၅ ရက်နေ့က သွားတွေ့တာ။ ညနေ ၅ နာရီ။ သူ့အိမ်မှာလေ။”


သွားတွေ့ရတဲ့ အကြောင်းရင်းလေး ပြောပြပေးပါ။

“ကျနော် ထောင်က လွတ်လာကတည်းက ကျနော်က ‘ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုလည်း လွှတ်ပေးသင့်ပါတယ်’ ဆိုပြီးတော့ တောင်းပေးသေးတယ်လေ သမ္မတကို။”

“အဲဒီတော့ သူလွတ်လာတဲ့အခါကျတော့ ကျနော် ဒီလိုမျိုးတောင်းပေးခဲ့တဲ့အတွက်၊ ရဲရဲရင့်ရင့်နဲ့ သူ့အတွက်
ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ကျေးဇူးတင်စကား ပြောချင်လို့ပါ သူ့တူမ တယောက်လွှတ်ပြီး
ပြောခိုင်းတယ်။ သူက သူကိုယ်တိုင်ပဲ ပြောချင်ပါတယ်ဆိုတော့၊ သူက လူကြီးဆိုတော့ မဟုတ်ဘူး ကျနော် လာခဲ့ပါမယ်ဆိုပြီး အဲဒီအချိန်မှာ ကျနော်က ဖြူးကို ရောက်နေတယ်။ ရန်ကုန်ပြန်ရောက်တော့ ကျနော်ရယ် ဇင်ဝိုင်းတို့ပါ ကျနော်တို့က အဖွဲ့အလိုက် အစည်းအဝေးလုပ်နေတဲ့အချိန် သွားမယ်ဆိုတော့ သူတို့ကလည်း ဒါဆို ဦးခင်ညွန့်နဲ့တွေ့ချင်တယ် ဆိုတော့ သူတို့ပါ ရောပြီး ပါလာတဲ့သဘောပါ”

artfreedom2
The Art of Freedom ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းကိစ္စနှင့် စပ်လျှဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ပွဲစီစဉ်သူ တဦးဖြစ်သူ ကိုသူရ (ဇာဂနာ) ကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

@ Mizzimanews

Wednesday, January 18, 2012

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း

0 ဝေဖန်ချက်များ
ပြည်တွင်းနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမေရိကန်ပြည်ထောင်စု၏မူဝါဒ အပြောင်းအလဲအရှိန်တက်နေချိန်တွင် အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံကိုယ်စားလှယ်နှင့်မူဝါဒရေးရာ ညှိနှိုင်းရေးမှူးမစ္စတာဒဲရက်မစ်ချယ် ကို  ဇန်န၀ါရီလခရီးစဉ်အတွင်း ဆောင်းပါးရှင်ရဲနိုင်မိုးက 7Day News ဂျာနယ်ကိုယ်စားပြု၍ ဇန်န၀ါရီ ၁၂ ရက်က  တစ်ဦးချင်း တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ဒီတစ်ခေါက် (မြန်မာနိုင်ငံ)လာတဲ့ အဓိကရည်ရွယ်ချက်နဲ့ နေပြည်တော်မှာ ဘာတွေဆွေးနွေးခဲ့သလဲဆိုတာကို မေးရင်းစပါရစေ။
နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြီးခဲ့တဲ့လတုန်းကလာခဲ့ပြီး နောက်ပိုင်းမှာ ဒီတစ်ကြိမ်ဟာ ပထမဦးဆုံးခရီးစဉ်ပါ။ ရည်ရွယ်ချက်ကတော့ ၀န်ကြီးရဲ့ခရီးစဉ်မှာတုန်းက ကျွန်တော်တို့လုပ်ပါမယ်လို့ ကြေညာခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ဖို့ပါပဲ။ ဒါကြောင့် ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့နဲ့ ဆက်လက်ဆောင်ရွက်ဖို့အတွက် အစိုးရနဲ့ရော ရန်ကုန်မှာရှိတဲ့ တခြားအဖွဲ့တွေနဲ့ပါနက်နက်နဲနဲဆွေးနွေးဖို့ ဒီကိုပြန်လာချင်ခဲ့တာပါ။ ဒီနှစ်သစ်ကူးအချိန်မှာ နောက်ခြောက်လ (သို့မဟုတ်) တစ်နှစ်အတွင်း ဆက်ဆံရေးတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင်ကျွန်တော်တို့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ အမြင်တွေ စိတ်ကူးတွေရဖို့ ပြန်လာချင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လေးငါးလအတွင်းမှာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေရခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အတွက်ကတော့ ၀န်ကြီးရဲ့ခရီးစဉ်ဟာ အလွန်အောင်မြင်တဲ့ ခရီးစဉ်လို့ရှုမြင်ပြီး  အပြန်အလှန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာမှုရဲ့  အဖွင့်နိဒါန်းလည်းဖြစ်ပါတယ်။

အားလုံးကိုခြုံကြည့်ပြီး ဒီတစ်ခေါက် ခင်ဗျားဘယ်လိုမြင်သလဲဆိုတာပြောပြပါလား။  ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားနောက်ဆုံးတစ်ခေါက်လာအပြီးမှာ နိုင်ငံတကာကခေါင်းဆောင်တချို့လည်း ဒီကိုလာသွားခဲ့တယ်။ မကြာသေးမီကလည်း လွတ်ငြိမ်းချမ်းသာခွင့်အပေါ်မှာ အငြင်းပွားစရာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ကြားရတာတွေအပေါ်မှာ အခြေခံပြီးပြောရမယ်ဆိုရင်တော့ ကျွန်တော် အခုထက်ထိအားရနေတုန်းပါပဲ။ ဒီတစ်ပတ်အတွင်းမှာ အပြောင်းအလဲတွေ၊ တိုးတက်မှုတွေနဲ့လုပ်ကိုင်ဖို့ အခြေအနေတွေကို အနည်းဆုံး ဒီရန်ကုန်မှာတော့တွေ့နေရပါတယ်။ ရုပ်ရှင်ပွဲတော်နဲ့ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်ကို ကျွန်တော်တို့ တွေ့ခဲ့ရပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်ဥပဒေကို ပြဋ္ဌာန်းခဲ့တာလည်း တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ဒါကိုလည်း အစိုးရဘက်က လက်ခံပြီးဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲရာသီရောက်ပြီမို့ သူတို့ကြားဖြတ်ရွေးကောက်ပွဲဝင်မှာပါ။ ဆိုတော့ ပြုပြင်ပြောင်းလဲမှုကိုရှေးရှုတဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေတယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမဲ့ ဖြစ်လာမယ်လို့ထင်ပြီး ဖြစ်မလာသေးတဲ့အရာတွေလည်းရှိပါတယ်။  ဒီ့ထက်ပိုများပြားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒါပေမဲ့ နေပြည်တော်ကကြားရတဲ့ သတင်းအရတော့ရှေ့မှာ ဒီ့ထက်ပိုပြီး လွှတ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ပါဦးမယ်။ (မှတ်ချက်-ယခုအင်တာဗျူးမှာ ဇန်န၀ါရီ ၁၂ ရက်ညနေတွင် ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့် သတင်းမကြေညာမီက ဖြစ်သည်ကို သတိပြုစေလိုပါသည်)

သြော် .. အခုခေတ်

0 ဝေဖန်ချက်များ
@ FACEBOOK

စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်

1 ဝေဖန်ချက်များ
စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ပါ .. ကြာပါပြီ .. ပြန်တင်သင့်ပြီထင် လို့တင်လိုက်ပါတယ် ..



ဒေါ်အောင်ဆန်းစုကြည်၏ ရုတ်တရက်စကား လူထုသဘောကျ

0 ဝေဖန်ချက်များ
အင်္ဂါနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် လာရောက် နားထောင်ကြသော ပရိသတ်ထဲမှ ထိုင်ခုံ ကျိုးကျသည်ကို မြင်၍ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် လူထုပရိသတ် လက်ခုပ်သြဘာ ပေးခဲ့ကြသည်။

“ဒီလောက်အများကြီး ဒီခုံလေးပေါ်မှာ တက်နေရင် ပြုတ်ကျမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ရယ်ရွှန်း မှတ်ချက် ပေးလိုက်သည့်အတွက် ပရိသတ်က နှစ်သက် သဘောကျသွားခြင်း ဖြစ်သည်။

ဤသို့ ပရိသတ်သြဘာပေးကြသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ရိုးရိုးပြောတာပါ။ ပြည်သူတွေက ……. အရမ်းဉာဏ်ပြေးတာပဲ” ဟု ထပ်မံမှတ်ချက်ပြုလိုက်သေးသည်။

နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် မြို့နယ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၂၀ ခန့်ကြာ အမှာစကား ပြောကြားခဲ့ရာ “ဒီလို မြို့နယ်ရုံးခန်းတွေ ဖွင့်တာဟာ ပြည်သူတွေနဲ့ နီးနီးစပ်စပ် ဆက်ဆံနိုင်ဖို့ ပါပဲ” ဟု ပြောသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် မဖြူဖြူသင်း အား NLD မှ ရွေးချယ်ထားခြင်းနှင့် ပတ်သက်၍လည်း “နေ့တိုင်းနေ့တိုင်း ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ အလုပ်တွေ လုပ်သွားကြတဲ့ လူငယ်တွေထဲက တယောက်ပါပဲ” ဟု မိတ်ဆက်ပေးပြီး ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ကြောင်း သက်သေပြနိုင်တဲ့ အရည်အချင်းနှင့် ပြည့်စုံသည့်အတွက် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

ပြည်သူများအနေဖြင့် မိမိတို့ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ထားရှိသင့်သည့် သဘောထားမှာ “သူတို့ကံကြမ္မာ ဟာ ကိုယ့်လက်ထဲမှာရှိတယ်။ ကိုယ့်ကံကြမ္မာဟာ သူ့လက်ထဲမှာ ရှိတာမဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့မှ တရားဝင် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးနောက် ဗဟိုနှင့် မြို့နယ် NLD ပါတီရုံးခန်းများ ပြန်လည် ဖွင့်လှစ်လာခဲ့ကြသည်။

“အနယ်နယ် အရပ်ရပ်မှာ ရှိကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိမိတို့ရဲ့အလံတော်ကို မြို့နယ်အသီးသီးမှာ ဖွင့်လှစ်သွားမယ် ဆိုတဲ့အတိုင်း တနိုင်ငံလုံးဟာ နီရဲသွားမယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု နာယက ဦးတင်ဦး က ပြောသည်။

ထို့နောက် “ကိုယ်စားလှယ်လောင်းတွေ ရွေးကြပြုကြတဲ့အခါ၊ နေရာ ပေါ်လာတဲ့အခါကျတော့ လူတို့ရဲ့သဘာဝ အတိုင်းပဲ ပူညံ ပူညံ ပူညံ ဖြစ်လာတာပဲ” ဟု ပါတီ နာယကကြီးက ပြောလိုက်ရာတွင်လည်း ပရိသတ် နှစ်သက် သဘောကျကြသည်။

ဇန်နဝါရီ ၁၇ ရက် နေ့စွဲဖြင့် ပြည်နယ်နှင့်တိုင်း ၆ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၂၂ ဦးစာရင်းကို ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်ကြေညာလိုက်ရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအတွက် ၄၄  နေရာ ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကိုလည်း အင်္ဂါနေ့ နံနက်က ပြုလုပ်ခဲ့ရာ ဖိတ်စာ ၅၀၀ ဝေခဲ့သော်လည်း ပရိသတ် နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပါတီဝင် ကိုမင်းမင်း က မဇ္ဈိမကို ပြောသည်။

“အရင်ပါတီ ရုံးနေရာမှာပဲ လုပ်ပါတယ်။ မင်းကင်း (ဒေါ်ခင်မွှေးလွင်) အောင်နိုင်ရေးအတွက် ကလေးမြို့၊ တမူး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝတို့က ပေါင်းပြီး ၂၁ ဦး စည်းအဖွဲ့ ဖွဲ့စည်းလှုပ်ရှားနေပါတယ်”

တမူးမြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲသို့ ကြံ့ခိုင်ရေးပါတီ၊ တစည ပါတီ၊ ချင်းအမျိုးသား တိုးတက်ရေးပါတီတို့ကလည်း လှိုက်လှိုက်လှဲလှဲ တက်ရောက်ခဲ့ကြကြောင်း၊ စသုံးလုံး၊ SB နှင့် ရဲတပ်ဖွဲ့များက သတင်းလာရောက် ယူခဲ့သော်လည်း အနှောက်အယှက် တစုံတရာမရှိဘဲ ပြုလုပ်နိုင်ခဲ့ကြောင်း ကိုမင်းမင်းက ပြောသည်။

စစ်အာဏာ မသိမ်းတော့ဟု သူရရွှေမန်းပြောကြား

0 ဝေဖန်ချက်များ
BBC — ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက သူ့အမြင်အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ နောက်ထပ် စစ်အာဏာသိမ်းတာ မဖြစ်နိုင် တော့ဘူးလို့ ထုတ်ဖေါ် ပြောကြားလိုက် ပါတယ်။
AFP ပြင်သစ်သတင်းဌာနနဲ့ တနင်္လာနေ့က တွေ့ဆုံမေးမြန်းခန်းမှာ သူရ ဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။
ဒီမိုကရေစီစနစ် ပြောင်းလာဖို့ ဘယ်လောက် ကြာမယ် မပြောနိုင်ပေမယ့် အစားထိုး ကျင့်သုံးစရာ တခြားစနစ် မရှိဘူးလို့ ဦးရွှေမန်းက ပြောပါတယ်။
စစ်အာဏာရှင်စနစ်ကို အသက်ပေး ဆန့်ကျင်မယ့် နိုင်ငံရေး လှုပ်ရှားသူတွေ အများအပြား ပြန်လွှတ်ပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ စစ်အာဏာ ထပ်သိမ်းမယ့် အခြေအနေမျိုး မရှိဘူးလို့ ယူဆကြောင်း အကျဉ်းထောင်ကနေ မကြာသေးခင်က ပြန်လွတ်လာတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း သုံးသပ် ပြောဆိုခဲ့ပြီး သူရ ဦးရွှေမန်းရဲ့ စကားကို ထောက်ခံသွားခဲ့ပါတယ်။
အခြေခံဥပဒေ ရေးဆွဲစဉ်က ကိုယ်ကျိုးစီးပွားနဲ့ လုံခြုံမှုအတွက်ထည့်သွင်းရေးဆွဲခဲ့ပေမယ့် အခြေခံ ဥပဒေကို ပြန်ပြင်နိုင်စွမ်း ရှိတယ်လို့ လည်း သူကယူဆပါတယ်။
ပွင့်လင်းလာတဲ့ မီဒီယာနဲ့ ခေတ်အနေအထားအရ တပ်မတော်ထဲမှာ ခေတ်ဟောင်း၊ စနစ်ဟောင်းကို လိုလားသူ နည်းလာတာမို့ ထပ်အာဏာသိမ်းဖို့ အခြေအနေ နည်းကြောင်း၊ ဒါပေမယ့်လည်း လုံခြုံရေး အကြောင်းပြပီး အကျိုးစီးပွား ရှာမှာမျိုး မဖြစ်ရအောင် ပြည်သူလူထုက ကာကွယ်သွားဖို့ လိုတယ်လို့ ကိုနေမျိုးဇင်က သတိပေး ပြောဆိုခဲ့ပါတယ်။
ဒီမိုကရေစီ ပြောင်းလဲရေးကို လက်မခံနိုင်တဲ့ စစ်တပ်တွင်းက အင်အားစုတခိျု့ အာဏာ ပြန်သိမ်းတာမျိုး ဖြစ်မလာဖို့ မျှော်လင့်တယ်လို့ မကြာသေးခင်ကပဲ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။


@ MIZZIMA

@ Opening Ceremony Of MINGALAR TAUNGNYUNT NLD

0 ဝေဖန်ချက်များ
 @ Irrawaddyblogမင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မဖြူဖြူသင်းကို ရွေးထားပါတယ်။
ဘာကြောင့်ရွေးသလဲ ဆိုတာကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တောင်ညွန့် NLD ရုံးခန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်လာသူတွေကို ပြောဆိုထားပါတယ်။


အပြည့်အစုံကို ဧရာဝတီ ဘလော့အတွက် သီးသန့် တင်ဆက်ထားတဲ့ ရုပ်သံမှာ ကြည့်ရှုနားဆင်နိုင်ပါပြီ။

ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့နှင့် SSA (S) လက်မှတ်ထိုး

0 ဝေဖန်ချက်များ
မန်မာအစိုးရသစ်၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA (S)အဖွဲ့တို့ တနင်္လာနေ့က တောင်ကြီးမြို့တွင် ဆွေးနွေးခဲ့ကြပြီး အချက် ၁၁ ချက်ပါ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

၁၁ ချက်ထဲတွင် SSA ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဖက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်တို့ ပါဝင်ပြီး ၎င်း အချက်များအားလုံးကို မူအားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။

“ဒီ ၁၁ ချက်ကတော့ အခုပထမအကြိမ် ပြည်ထောင်စုအဆင့် မူအားဖြင့်သဘောတူညီချက်တွေပေါ့။ လိုအပ်လာတဲ့ အချက်တွေ ရှိခဲ့ရင်လည်း နောက် ဒုတိယအကြိမ်မှာ ထပ်ပြီးတင်ပြ ဆွေးနွေးကြမှာပေါ့။ အဲလိုပဲ သဘောတူထား တယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက မဇ္ဈိမကို ပြောသည်။

အစိုးရနှင့် နှစ်ဖက်ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ခိုလာမ်၊ ကျိုင်းထုံ၊ မိုင်းဆက်၊ တာချီလိတ်တို့တွင် ဖွင့်လှစ်သွား မည်ဖြစ်ပြီး မူဆယ်နှင့် နမ့်ခမ်းတို့တွင်လည်း စီးပွားရေး ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်သွားရန် သဘောတူညီခဲ့ကြ သည်။ ဖွင့်လှစ်မည့် အချိန်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။

သဘောတူညီချက်များအရ နှစ်ဖက်အဖွဲ့များ နယ်စပ်ဒေသ ဝင်ထွက်သွားလာရာတွင် နေရာများနှင့် ပတ်သက်၍ အစိုးရတပ်ဖွဲ့များ နှင့် RCSS/SSA တပ်ဖွဲ့များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် နှစ်ဖက် ထိန်းချုပ်ရာ နယ်မြေများအတွင်း လက်နက် ကိုင်ဆောင်သွားလာမှုများအား ကြိုတင်ညှိနိုင်း အကြောင်းကြားပြီးမှ သွားလာကြရ မည် ဖြစ်သည်။ အလားတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်လည်း နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။

ဆွေးနွေးပွဲတွင် အခြားအချက်များကို လျှင်မြန်စွာ ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နယ်မြေတွင်း နှစ်ဖက်တပ်များ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲကြန့်ကြာစေခဲ့ပြီး နောက်တကြိမ်တွေ့ဆုံရာတွင် အဓိက ဦးတည် ဆွေးနွေးရမည့် အချက်တခုဖြစ်ကြောင်း ဆွေးနွေးပွဲ နှစ်ဖက်နီးစပ်သူများက ပြောသည်။

ကျိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းယောင်းမြို့နယ်ထဲတွင် လှုပ်ရှားနေသည့် SSA တပ်များအား မြန်မာအစိုးရဘက်က ထိုင်းနယ်စပ်သို့ ပြောင်းရွေ့ပေးစေချင်သလို၊ ဌာနချုပ်နေရာဖွင့်ရန် တောင်းဆိုထားသည့် ဟိုမိန်းနှင့် မိုင်းထား နယ်မြေများရှိ အစိုးရတပ်များကိုလည်း ဆုတ်ခွါပေးရန် SSA ဘက်က တောင်းဆိုထားသည်။

“အဓိက ပြဿနာက တပ်ဆုတ်ပေးရေး အခြေအနေတွေပေါ့။ အဲဒါကြောင့် ဒီပြဿနာက အခြေအတင် ညှိနိုင်းရဦး မယ့် အနေအထားမှာ ရှိတယ်။ အစိုးရဘက်ကလည်း တပ်မဆုတ်ပေးချင်ဘူး။ ရှမ်းတပ်ဘက်ကလည်း ဆုတ်မပေး ချင်သေးဘူး ဖြစ်နေတယ်” ဟု SSA-S နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်တွေ့ဆုံကြမည့်ရက် မသိရသေးသော်လည်း ယခုတွေ့ဆုံဆွေးနွေးပွဲသို့ SSA-S မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် ဗိုလ်မှူးချုပ် ပေါင်ခေး တို့က ဦးဆောင်တက်ရောက်ခဲ့ကြပြီး ဗိုလ်မှူးကြီး စိုင်းလှ၊ ဒုဗိုလ်မှူးကြီး စိုင်းမင်း တို့အပါအဝင် ၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ နယ်စပ်ရေးရာ ဒုဝန်ကြီး ဦးဇော်ဝင်း၊ အစိုးရ ရှေ့နေချုပ် ရုံး ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်စပ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ကျော်စိုးလင်း၊ တြိဂံတိုင်း စစ်ဦးစီး အရာရှိ ၁ ဗိုလ်မှူးကြီး ဇော်ထွန်းမြင့်နှင့် အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးမှ စစ်ဦးစီး အရာရှိ ၁ ဗိုလ်မှူးကြီး ဇော်မင်းအေးတို့ တက်ရောက်ကြသည်။

ပြည်နယ်အဆင့် မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

SSA-S ကို ၁၉၉၆ ခုနှစ်က ဗိုလ်မှူးကြီးအဆင့် ဖြစ်သော ရွက်ဆစ်က ဦးဆောင်ကာ ယခင် မိုးဟိန်း ဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့် MTA မော်ထိုင်း တပ်မတော် အဖွဲ့ဝင်ဟောင်းအချို့နှင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချ သွားသော ခေါင်းဆောင် ခွန်ဆာလက်ထက်တွင် အမ်တီအေသည် ထိုင်း-မြန်မာ နယ်စပ် တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက် အင်အားအကောင်းဆုံး အဖွဲ့တခု ဖြစ်ခဲ့သည်။

Tuesday, January 17, 2012

အစိုးရရာထူး ရယူရန် အလားအလာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး

0 ဝေဖန်ချက်များ
(AFP သတင်းမှ 15 January 2012 ရက်စွဲပါ Suu Kyi hints at possible government role ကို ဘာသာ ပြန်ဆိုသည်)
မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကယ်၍ သူမအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် အမတ်နေရာ အနိုင်ရရှိပါက အစိုးရရာထူး ရယူခွင့်ကို မဖြစ်နိုင်ပါဟု ငြင်းဆန်မည်မဟုတ်ကြောင်း မနေ့က ပြောကြားလိုက်သည်။ အကယ်၍ ဝန်ကြီးရာထူးတစ်နေရာ ကမ်းလှမ်းလာပါက လက်ခံမည်လားဟု မေးမြန်းသောအခါ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က “အခြေအနေတွေပေါ်မှာ မူတည်ပါတယ်၊ ပြီးတော့ ဘယ်ဌာနဝန်ကြီးလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်” ဟု ပြန်လည်ပြောကြားသည်။
သတင်းထောက်က နိုင်ငံခြားရေးဝန်ကြီးရာထူးကို အကြံပြု ပြောဆိုသောအခါ သူမက ရယ်မော၍ “ဒီကိစ္စနဲ့ ပတ်သက်လို့ အများကြီး လေးလေး နက်နက် စဉ်းစားရမှာပါ” ဟု ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်အနီး မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅ဝ ခန့် စစ်ဖက်က အုပ်ချုပ်ခဲ့ခြင်းကို မနှစ်က အဆုံးသတ်ကာ အမည်ခံ အရပ်ဖက်အစိုးရက အာဏာလွှဲပြောင်း ယူခဲ့သော်လည်း အစိုးရအဖွဲ့ရာထူးများကို ယခင် ဗိုလ်ချုပ်ဟောင်းများကသာ ရယူထားကြသည်။ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် အမြင့်ဆုံးအဆင့် ပြင်သစ်သံတမန် နိုင်ငံခြားရေးဝန်ကြီး အလန်ယု(ပ်) (Alain Juppe) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟု သိရှိရသည်။
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ရန် လျာထားသော ကိုယ်စားလှယ်အမတ် စုစုပေါင်း ၄၈ နေရာတွင် အောက်လွှတ်တော်မှနေရာ ၄ဝ၊ အထက်လွှတ်တော်မှ ၆ နေရာနှင့် ဒေသကြီးလွှတ်တော်များမှ ၂ နေရာတို့ ပါဝင်သည်ဟု သိရသည်။ မနှစ်က အငြင်းပွားဖွယ်ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံရပြီးနောက် အစိုးရအဖွဲ့တွင် ဝန်ကြီး၊ ဒုတိယဝန်ကြီး ဖြစ်သွားသူများ၏ လစ်လပ်နေရာများကို ဖြည့်တင်းရန် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း ဖြစ်သည်။ သို့သော် ယခုလျာထားသော အမတ်နေရာ အရေအတွက်သည် အာဏာရပါတီ၏ လူအများစုအင်အားကို ခြိမ်းခြောက်ရန် လုံလောက်ဦးမည် မဟုတ်ပေ။
နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် သမ္မတဦးသိန်းစိန် အပါအဝင် ဗိုလ်ချုပ်ဟောင်းများနှင့် သူမအကြား ဟိုးလေး တကျော် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ထွက်လာကာ အစိုးရနှင့် အတိုက်အခံ အုပ်စုအကြား ဆက်ဆံရေး သိသိသာသာ နွေးထွေးလာခဲ့သည်။

ဘားအံထောင်က လွတ်မြောက်လာသူ Blogger နေဘုန်းလတ်နှင့် အင်တာဗျူး

0 ဝေဖန်ချက်များ

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော အိုင်တီ ဘလော့ကာ နေဘုန်းလတ်သည် ဇန်န၀ါရီလ ၁၄ရက်နေ့တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ အဖွဲ့ချုပ်အဖွဲ့ဝင်များအား လာရောက်တွေ့ဆုံ နှုတ်ဆက်စဉ် မေးမြန်းဖြစ်ခဲ့ပါသည်၊

မေး။              ။အကိုထောင်ကလွတ်တဲ့အခါမှာရော အကို့တို့ကို ပုဒ်မ ၄၀၁ နဲ့ပတ်သက်ပြီး ၀န်ခံကတိ ထိုးခိုင်းတာရှိပါသလား။

ဖြေ။              ။ကျွန်တော်တို့ကို ၄၀၁  အပိုဒ်တစ်ကို ဖတ်ပြတယ် ။ အဲ့ဒီ ၄၀၁ အပိုဒ်တစ်အရ နောက်ထပ်အဖမ်းခံရတဲ့အခါ အကြွေးဆပ်ရမယ်ဆိုတာကို သမ္မတအမိန့်ဆိုပြီးဖတ်ပြတယ် လက်မှတ်ထိုးခဲ့တာတော့ မရှိခဲ့ပါဘူး။ အဲ့ကိစ္စကတော့ ကသိကအောက်ဖြစ်စရာပဲ ကျန်တာကတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။

မေး။              ။လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့အပေါ်မှာရော အကိုဘယ်လိုခံစား ရပါသလဲ။

ဖြေ။              ။ နိုင်ငံရေးအကျဉ်းသား တော်တော်များများ လွတ်လာလို့ပျော်ပါတယ်။   

မေး။              ။ဘယ်နှစ်ခုနှစ် ထိန်းသိမ်းခံရတာပါလဲ။ဘယ်နှစ်နှစ်လောက်  ကျခဲ့တာပါလဲ။

ဖြေ။              ။၂၀၀၈ ဇန်န၀ါရီ ၂၉ မှာ စပြီး ထိန်းသိမ်းခံရတယ် ကျွန်တော် အနှစ် နှစ်ဆယ် နဲ့ ခြောက်လ ကျတယ်။အယူခံ ၀င်တာ ၈ နှစ်နဲ့ ၆လ ပြုတ်သွားတော့ ၁၂          နှစ်ကျန်တယ်။ ပုဒ်မက ၃၀၂ (ခ)/ ၃၆ ၃၃(က) ၊  ၅၀၅(ခ)နဲ့ကျွန်တော်ကျခဲ့တာပါ။

မေး။              ။ရှေ့ဆက်ပြီး ဘာလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။              ။နိုင်ငံရေးတာ့ ဆက်လုပ်မယ် ဘယ်လိုပုံစံနဲ့ ဆက်လုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး အိုင်တီသမားတစ်ယောက်အနေနဲ့ ကျွန်တော် ဘလော့ဆက်ရေးမယ်။ ဖေ့ဘုတ်အကောင့်လဲ ဖွင့်ထားတယ် ဖေ့ဘုတ်မှာလဲ တင်မယ် ဖြစ်နိုင်ရင် ကျွန်တော် Press မီဒီယာတွေမှာ ကျွန်တော် စာရေးမှာပါ။ ဖြစ်နိုင်ရင်တော့ စာပေရေးသားခြင်းနဲ့ professional လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

မေး။              ။ထောင်ထဲမှာ နေရတဲ့  အခြေအနေလေးကို ပြောပြပေးပါ။

ဖြေ။              ။ထောင်ထဲမှာ ကျွန်တော်တို့ကတော့ အဆင်ပြေပါတယ်။ အဆောင်ကလူတွေနဲ့ တိုက်ကလူတွေနဲ့တော့ မတူဘူးပေါ့ ကျွန်တော်တို့တိုက်မှာ နိုင်ငံရေးအကျဉ်းသားတွေပဲ ရှိတဲ့အတွက် အဆောင်ကလူတွေကို ဆက်ဆံပုံက နည်းနည်း တစ်မျိုးပေါ့။

မေး။              ။ထောင်ထဲမှာ ကျန်ခဲ့တဲ့ လူတွေအတွက် ဘာတွေလုပ်ပေးဖို့ အစီအစဉ် ရှိပါသလဲ။

ဖြေ။              ။အခုဟာက နာမည်ကြီးတွေ တော်တော်များများ လွတ်ပါတယ်။ကျန်ခဲ့လူတွေက အဓိက ဖောက်ခွဲရေးမှု ကပ်တဲ့လူတွေ၊ နောက်တနည်းနည်း မထင်မရှားတွေ ကျန်သေးတယ်။ဒီကိစ္စကလဲ ဘာပဲပြောပြော မကုန်သေးဘူးလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် ဆက်ပြီးတောင်းဆိုနေရမှာပဲ။ ဖြစ်နိုင်ရင်တော့ ကျွန်တော်က နိုင်ငံရေးအကျဉ်းသားရယ် မဟုတ်ပါဘူး ကျန်တဲ့အကျဉ်းသားတွေ အကုန်လုံး လွတ်စေချင်ပါတယ်။အခြားအကျဉ်းသားတွေကလဲ အစိုးရသစ် အပြောင်းအလဲမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နေကြတယ်။ ဖြစ်နိုင်ရင်တော့ ထောင်ခါတဲ့အထိကို ကျွန်တော်က ဖြစ်စေချင်တာပါ။

မေး။              ။ဒီမိုကရေစီ နိုင်ငံပီပီသသဖြစ်ဖို့ ဘာတွေလုပ်ဖို့ လိုအပ်တယ်လို့ အစ်ကိုအနေနဲ့ မြင်ပါသလဲ။

ဖြေ။              ။မဏ္ဍိုင်တွေရှိတယ်ဗျာ။ တရားရေးမဏ္ဍိုင် ၊ အုပ်ချုပ်ရေးမဏ္ဍိုင် ၊ ဥပဒေပြုရေးမဏ္ဍိုင် အဲ့မဏ္ဍိုင်သုံးခုက အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သေချာစောင့်ကြည့်ပြီးတော့ balance  ဖြစ်ဖို့ လိုလိမ့်မယ်။ အဲ့ဟာကို အားကောင်းကောင်းနဲ့ ဖြစ်ထွန်းဖို့က အရေးကြီးဆုံးပဲ။ အားကောင်းကောင်းနဲ့ ဖြစ်ထွန်းဖို့ ၀ိုင်းကြိုးစားရမယ်။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေပဲ လုပ်ကြရမဲ့ အလုပ်တော့ မဟုတ်ဘူး အများကြီးရှိတယ်။ လွှတ်တော်တွေပါမယ် ၊ အစိုးရအဖွဲ့တွေပါမယ် ၊ နိုင်ငံရေးသမားတွေပါမယ် ၊ အဓိကအနေနဲ့ ပြည်သူလူထုတွေပါမယ်။ အဲ့ဒါတွေအကုန်လုံးကနေပြီးတော့ မဏ္ဍိုင်သုံးခု အချင်းချင်း အပြန်အလှန် check and balance  လုပ်နိုင်တဲ့ ၀န်းကျင်လေးကို ဖန်တီးနိုင်ဖို့ အရမ်းအရေးကြီးပါတယ် ။ အဲ့လို ဖန်တီးနိုင်ဖို့ကိုလဲ အရမ်းကြိုးစားရပါမယ်။

မေး။              ။ အစိုးရသစ် တက်လာတဲ့နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့အပေါ်မှာရော အကို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။              ။အခုဟာက ရွေ့နေတယ်လို့တော့ မြင်နေရပါတယ်။ အရင်ကဆိုရင် နည်းနည်းနှေးတယ်ပေါ့။ အခုလှမ်းလိုက်တဲ့ ခြေလှမ်းကတော့ တော်တော်များများ အားရကြတယ် ။ တော်တော်များများလဲ လွတ်လာကြတယ်ဆိုတော့ ဒါခြေလှမ်းတစ်ခုလှမ်းတဲ့ ပုံစံမျိုးပဲ ရှိပါသေးတယ်။ နောက်ပိုင်း အရေးကြီးတဲ့ ကိစ္စတွေ အများကြီးရှိပါသေးတယ်။ ငြိမ်းချမ်းရေးကိစ္စတွေ ၊ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေ ရှိနေသေးတယ်။ နောက်ပြီးတော့ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာလဲ ဘယ်လိုပုံစံမျိုး ကျင်းပမယ်ကအစ ရှေ့ဆက်လှမ်းရမဲ့ ခြေလှမ်းတွေ အများကြီးရှိတယ်။ တကယ်လို့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်သွားတယ် ဆိုရင်တောင်မှ ဒါကပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံ အဓွန့်ရှည်တည်တံ့ဖို့ဆိုတာကလည်း အဲ့ဒါတွေ ဆက်လက်လုပ်ဆောင်ရအုံးမှာပါ။ အဲ့အတွက် အစိုးရကို ကျွန်တော်တို့က တူတာတွေတွဲလုပ်မယ် ၊ မတူတာတွေလဲ ငြိယူမယ်ပေါ့ဗျာ။ အဲ့ပုံစံမျိုးနဲ့ အတူတူသွားရမှာပါ။

မေး။              ။ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားတွေ လက်မှတ်ရေးထိုးခဲ့တဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။              ။အဲ့ဒါကတော့ မဖြစ်မနေလုပ်ရမဲ့ ကိစ္စ ၊ တိုင်းပြည်ငြိမ်းချမ်းရေး ရှိဖို့က အရမ်းအရေးကြီးတယ် ပစ်ခတ်နေကြတယ်ဆိုတာကလဲ အမှန်အတိုင်းပြောရရင် တိုင်းရင်းသားတွေကိုယ်တိုင်ကလဲ ဖွင့်ပြောပါတယ်။ သူတို့ အဓိကပြသာနာက နိုင်ငံရေးပြသာနာဖြေရှင်းဖို့ အရေးကြီးတယ်။ နိုင်ငံရေးပြသာနာဖြေရှင်းပြီးသွားရင် ဒီကိစ္စတွေ အလိုလိုပြီးသွားမယ် ဆိုတဲ့ဟာမျိုး အခုဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ တော်တော်လွှတ်ပေးလိုက်တယ် ဆိုတော့ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေမှာ အများကြီးအထောက်အကူပြုမယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲ့လိုယူဆတဲ့အပေါ် ကျွန်တော်မျှော်လဲ မျှော်လင့်ပါတယ်။ ၁၂ရက်နေ့တုန်းကဆိုရင် KNUနဲ့ တော်တော်လေးအဆင်ပြေတယ်လို့ ကျွန်တော်ကြားပါတယ်။ အခုဆိုရင် ကချင်နဲ့ပဲကျန်တော့မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကချင်ကလဲ အခုအနေအထားမှာ ဒီတစ်ခေါက်ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို သူတို့ကျေနပ်တယ်ဆိုရင် အဲ့ဘက်မှာလဲ တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်လာမယ် လို့ ကျွန်တော်တို့ မျှော်လင့်လို့ရပါတယ်။

မေး။    ခုလို ဖြေကြားပေးတဲ့ ကိုနေဘုန်းလတ်ကို ကျေးဇူးတင်ပါတယ်။



 ရှုမ၀အောင်(ရွှေမြစ်မခ)

Facebook Share

0 ဝေဖန်ချက်များ
@FACEBOOK

Facebook ပေါ်မှာတွေ့တဲ့ ပုံလေးတစ်ပုံကို ကြိုက်လွန်းလို့ရှယ်လိုက်ပါတယ် .....

Monday, January 16, 2012

ဦးခင်ညွန့်ကို ကျေးဇူးတင်သူ

0 ဝေဖန်ချက်များ



ပေါ်ပြူလာဂျာနယ် ဖေ့စ်ဘုတ်မှာ အခုလို ဖော်ပြထားပါတယ်။
"သမီးတို့ ကို လူလားမြောက်အောင်မွေးပေးခဲ့တဲ့ ကျေးဇူးရှင်ပါ။ ဒီနေ့ ဘုရားကို လာမယ် ကြားလို့ လာစောင့်နေတာပါ။အခုလို ဘဘကို ပြန်တွေ့ ရတာ
ဝမ်းလည်း ၀မ်းသာပါတယ်။ " ဟု အိအိငြိမ်း ( ရင်ချင်းဆက် အမြွှာညီအစ်မ ) က ပေါ်ပြူလာနယူးစ် ဂျာနယ်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
ဒီပြောဆိုချက်ကို ကန့်ကွက်သူများ ရှိသလို ထောက်ခံသူတွေလည်း ရှိပါတယ်။

@ Irrawaddyblog

ဇာဂနာ ဘာတွေ လုပ်နေလဲ

0 ဝေဖန်ချက်များ
မင်းကိုနိုင်နဲ့ ဇာဂနာ သတင်းသမားတွေနဲ့ တွေ့ဆုံ
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး အမှတ်တရ
ဦးခင်ညွန့်နဲ့ အမှတ်တရပေါ့ဗျာ

ဖြူး NLD အရောင်းဆိုင်မှာ အမှတ်တရပေါ့
ဖြူးအမျိုးသားကျောင်းမှာ ဟောရပြောရပါသေးတယ်
ပရိသတ်ကို ဆရာလုပ်နေတဲ့ ဇာဂနာ
ဖြူး NLD အဖွဲ့သားများနဲ့ အမှတ်တရ
ဖြူးအမျိုးသားကျောင်းရှေ့မှာ အမှတ်တရ
ဖြူးအမျိုးသားကျောင်း ဘော်ဒါကျောင်းသားကျောင်းသူများနဲ့ ရင်းရင်းနှီးနှီး စကားပြောကြ
 

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် နိုင်ငံရဲ့ Legion of Honor အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်

0 ဝေဖန်ချက်များ



မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံက အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ Legend Of Honor ဆု ချီးမြှင့်တဲ့ပွဲ အခမ်းနားကိုလည်း မနေ့ညနေက ရန်ကုန်မှာရှိတဲ့ ပြင်သစ်သံအမတ်ကြီးရဲ့ နေအိမ်ခြံဝင်းမှာ ကျင်းပခဲ့ကြပါတယ်။