Sunday, January 22, 2012

မြန်မာလွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဂျွန်မက်ကိန်းဖိတ်ကြား

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ယနေ့တွေ့ဆုံဆွေးနွေးစဉ် လွှတ်တော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာ လွှတ်တော် ကိုယ်စားလှယ်များကို အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ကြောင်း သတင်း ရရှိသည်။

ဇန်န၀ါရီ ၂၂ ရက်(ယနေ့)နံနက် ၁၁း၁၅ နာရီမှ ၁၁း၅၅ နာရီအထိ မိနစ် ၄၀ ကြာ ဂျွန်မက်ကိန်းနှင့် သူရဦးရွှေမန်းတို့ ပြည်သူ့လွှတ်တော် အဆောက်အအုံမှ ဇမ္ဗူသီရိခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ် အတွေ့အကြုံ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ (အမတ်များ)ကို အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် မက်ကိန်းက ဖိတ်ကြားခဲ့သည်ဟု တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထောက်များ၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြားစဉ် ပြောကြားသွားသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲ၌ စီးပွားရေးပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ မက်ကိန်းက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေပေါ် လိုက်လျောညီထွေစွာ တစ်ဆင့်ချင်း ရုပ်သိမ်းပေးသွားရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သူရဦးရွှေမန်းက ပြန်လည်ဖြေကြားသည်။

ရှစ်လအတွင်း ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ လာရောက်သော ဂျွန်မက်ကိန်းနှင့် အမေရိကန် အထက်လွှတ်တော်အမတ်များမှာ ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

0 ဝေဖန်ချက်များ:

Post a Comment