Saturday, February 4, 2012

သမ္မတကြီး သိသာရန် (သို့မဟုတ်) မီးရထားဝန်ကြီး သိသာရန်

မန္တလေး မီးရထားစက်ခေါင်းစက်ရုံတွင် အုပ်ချုပ်မှုတာဝန် ယူထားရသော AME (လက်ထောက် အင်ဂျင်နီယာ) ဆိုသူသည် မိမိလက်အောက်ငယ်သား ၀န်ထမ်းများအား အကြမ်းဖက်အုပ်ချုပ်နေပါသည်။ ငယ်သားများအား လက်သီးဖြင့် ဆွဲထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ကြိမ်ဖန် များ စွာ ပြု လုပ် အုပ်ချုပ်နေပါသည်။ တနေ့သောအချိန်တွင် (ဥပမာတခု - အမှန်တကယ် ဖြစ်ပျက်ခဲ့ပါသည်) မန္တလေး ဘူတာကြီးမှ ရထားတစင်း ရန်ကုန်ဘက်သို့ အချိန်မှန် မထွက်နိုင်ခဲ့ပါ။ စက်ခေါင်းပိုင်းဆိုင်ရာ အားနည်း ချက်တစ်ခုကြောင့် မထွက်နိုင်တာပါ။ ဒါကို ဘူတာကြီးမှ စက်ရုံ AME သို့ အကြောင်းကြားလိုက်ပါသည်။ အဲဒီအဖြစ်အပျက်လည်း သိပြီးရော ဒေါသူပုန်ထပြီး အဲဒီအချိန်တွင် တာဝန်ကျနေသော အလုပ်ကြပ် အပါအ၀င် ၅ ဦးအား လက်သီးဖြင့် ထိုးကြိတ်ခဲ့ပါသည်။ သူထိုးကြိတ်တာ ခံရသောသူများ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ကို မစုံစမ်း မချိန်ဆဘဲ အရင်ဆုံး လက်ရောက် ကျူး လွန် စော်ကားခဲ့ပါသည်။ ထို ၅ ဦးထဲမှ တဦး (ဌာနစိတ်အလိုက် အဆက်အသွယ် လုပ်ပေးရသူ) မှာ နှာခေါင်းသွေးများ ဖြာထွက်သည်အထိ ဖြစ်ခဲ့ရပါသည်။

အဲဒီ AME ဆိုသူ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့တာ ဒီတကြိမ်မကပါ။ နှာခေါင်းသွေးထွက်သွားခဲ့သူ တဦးထဲကိုပင် ၅ ကြိမ်ခန့် ပြုလုပ်ခဲ့ပါသည်။ စက်ရုံအတွင်းပိုင်းမှ ၀န်ထမ်းအချို့လည်း အထိုးခံရမှုတွေ ရှိခဲ့ပါသေးသည်။ သူ့အနေနှင့် ဒီစက်ရုံထဲက ၀န်ထမ်းတွေ သူအကုန်လုံးထိုးလို့ရတယ်လို့များ ထင်ထားသလား မသိပါ။ တချို့ဝန်ထမ်းငယ်များဟာ သူ့အဖေအရွယ်တွေပါ။

ပြဿနာဖြစ်တိုင်း ငယ်သားဝန်ထမ်းများအား လက်ရောက်ကျူးလွန်ပြီး အနိုင်ကျင့်ဖို့ ဘယ်ဝန်ကြီးကမှ ညွှန်ကြားတာ မကြားဘူးပါ။ ဥပဒေမဲ့လုပ်ရပ်များသာဖြစ်ပါသည်။ ၀န်ထမ်းငယ်များတွင် အကြောက်တရားများ ရှိနေကြပါသည်။ ပြုတ်သွားမှာလား။ ပြောင်းခံရမှာလား ... စသည့် ပူပန် မှုတွေ ကနေ ကြောက် ရွံ့ မှု အဖြစ် သို့ ရောက်ရှိသွားစေခဲ့ပါသည်။

ဒီမိုကရေစီစနစ်သို့ ပြောင်းနေပြီဖြစ်လို့ ၀န်ထမ်းလောကတွင် ဒီလိုအဖြစ်အပျက်မျိုး ထပ်မံ မကျူးလွန်နိုင်စေဖို့နှင့် ၀န်ထမ်းငယ်များ မကြောက်ရွံ့ကြစေဖို့ ရည်ရွယ်ပါသည်။ ဥပဒေရှိပါသည်။ မဟုတ်ရင် မမှန်ရင် ဥပဒေနှင့် ပြန်လည်တုံ့ပြန်နိုင်ပါသည်။ နောက်တခု မီဒီယာတွေ ရှိပါသည်လို့ ...။ ။

မီးရထားဝန်ထမ်းတဦး

0 ဝေဖန်ချက်များ:

Post a Comment