Thursday, February 16, 2012

နိုင်ငံရေးသမားကောင်းဆိုတာ

CREDIT TO POPULARMYANMAR

အမေရိကန် ပြည်ထောင်စု၏ သမိုင်းတွင် ထင်ရှားသော နိုင်ငံရေးသမားများရှိ၏။ ဗြိတိသျှနယ်ချဲ့သမားများ လက်အောက်မှ တော်လှန်တိုက်ခိုက်ရာတွင် အမေ ရိကန် ပြည်သူများကို ဦးဆောင်ခဲ့သော ဂျော့ဝါရှင်တန်မှာ အမေရိကန် ပြည်ထောင်စု၏ လွတ်လပ်ရေးဖခင်ကြီးအဖြစ် အမေရိကန်ပြည်သူများက ယုံကြည်ကြ သည်။ နောက် သစ်ခုတ်သမားဘဝမှ ရှေ့နေ၊ နောက် ဆီးနိတ်လွှတ်တော်အမတ်၊ နောက် သမ္မတကြီးဖြစ်လာသော အေဘရာ ဟမ်လင်ကွန်းတို့ ရှိကြ၏။ လင်ကွန်း သည် အသားအရောင်ခွဲခြားမှုကို ယုံကြည်သော အစွန်းရောက်သမား တစ်ဦး၏ လုပ်ကြံမှုဖြင့် ကွယ်လွန်ခဲ့ရပါသည်။ သူသည် အမေရိကန်သမိုင်းတွင် လူဖြူ၊ လူမည်းအသား အရောင်ခွဲခြားမှုအား အမြစ်ဖြုတ်ခဲ့သော သမ္မတကြီးတစ်ဦးအဖြစ် ထင် ရှားခဲ့သော နိုင်ငံရေးသမားကြီး တစ် ဦးလည်း ဖြစ်ပါသည်။

အမေရိကန်သမ္မတများတွင် စံထားထိုက်သော နိုင်ငံရေးသမားတစ်ဦးမှာ ဖရန်ကလင်ဒီလာနိုရုစဗဲ့ဖြစ်၏။ သူသည် သမ္မတသက်တမ်း လေးကြိမ်တိုင်တိုင် အရွေးခံရသူ လည်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ အနိမ့်ဆုံးအထိ ကျဆင်းနေသော စီးပွားရေးကို ပြန်ဆွဲတင်နိုင်ခဲ့သလို အမေရိကန်တပ်မတော်ကို ဒုတိယကမ္ဘာစစ်ကြီးတွင် အနိုင် တိုက်နိုင်အောင် စွမ်းဆောင်ခဲ့၏။ အမေရိကန်ကို ကြီးမားချမ်းသာသော နိုင်ငံအဖြစ် စွမ်းဆောင်နိုင်ခဲ့သလို လွတ်လပ်သောဒေသကြီး အဖြစ်အမေရိကန်နိုင်ငံကို ဖန်တီး ခဲ့ပါသည်။ သူ၏ သမာသမတ်ကျမှု၊ ရဲရင့်သော ခေါင်းဆောင်မှု၊ လိမ္မာပါးနပ်သော နိုင်ငံရေးပရိယာယ်တို့ ကြောင့် အမေရိကန်နိုင်ငံသည် ကမ္ဘာ့အလယ်တွင် အင်အား ကြီးသော နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ခဲ့၏။ ရုစဗဲ့သည် ပြည်တွင်းပြည်ပ၌ ဒီမိုကရေစီကို အာမခံချက်ပေးနိုင်သလို ကမ္ဘာတစ်ခုလုံးတွင်ရှိသော အကြီးကျယ်ဆုံး ခေါင်းဆောင် များအနက် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သော နိုင်ငံရေးသမားကြီးတစ်ဦးလည်း ဖြစ်ပေသည်။


နောက်ထပ် ကျွန်တော်တို့ စံပြုရသော နိုင်ငံရေးခေါင်းဆောင် တစ်ဦးမှာ မိုဟန်ဒတ်ခ်ျကရမ်ချန် ဂန္ဒီ ဖြစ်ပါသည်။ သူသည် ကမ္ဘာတွင် အကြမ်းမဖက်ရေးလမ်းစဉ်ကို ဦးဆောင်ပြီး လွတ်လပ်ရေးရအောင် အနစ်နာခံခဲ့သည့် အိန္ဒိယအမျိုးသား ခေါင်းဆောင်ကြီးလည်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးမြတ်ဆုံးသော နိုင်ငံရေးသမားကြီး တစ်ဦးလည်း ဖြစ်ပေသည်။ သူက အကြမ်းမဖက်ရေး Nonviolence လမ်းစဉ်ကို အကောင်အထည်ဖော်ခဲ့၏။ ထိုလမ်းစဉ်ကို သူသည် ရုရှားစာရေးဆရာကြီး တော် စထရွိုင်းထံမှ ရရှိခဲ့ပါသည်။ တော်စထရွိုင်းနှင့် ကိုယ်တိုင်ကိုယ်ကျ မတွေ့ခဲ့ရသော်လည်း စာအဆက်အသွယ်ရှိပြီး တော်စထရွိုင်း၏ အကြမ်းမဖက်မှု အယူဝါဒကို ယုံကြည် ကာ ဂန္ဒီက လက်တွေ့ကျင့်သုံး ခဲ့လေသည်။ ဂန္ဒီကို မဟတ္တမဟုလည်း ခေါ်ကြလေသည်။ အဓိပ္ပာယ်မှာ ‘မဟာစိတ်ဓာတ်’ဟု အဓိပ္ပာယ်ရလေသည်။ အိန္ဒိယအမျိုးသား ကွန်ဂရက် နိုင်ငံရေးသမားများတွင် သူသည် ထိပ်ဆုံးမှနေ၍ အိန္ဒိယပြည်သူများကို ဦးဆောင်ခဲ့သည်။ သူက အုပ်ချုပ်နေသော ဗြိတိသျှအစိုးရကို လက်နက်ကိုင် တိုက်ပွဲ ဝင်ခြင်းအား ဆန့်ကျင်သည်။သူ၏ အဓိကတိုက်ပွဲမှာ သပိတ်မှောက်ခြင်း၊ ကျူးကျော်သူနယ်ချဲ့အစိုးရနှင့် ပူးပေါင်းပါဝင်မှုမရှိခြင်း၊ တန်းစီလှည့်လည်ကာ လိုချင်သည် ကို တောင်းဆိုခြင်းများဖြင့် လွတ်လပ်ရေးကိုရအောင် ယူခဲ့သည်။ ထို့ အပြင် အင်္ဂလန်မှလာသော ဗြိတိသျှတို့၏ အဝတ်အထည်များ၊ ပိတ်စများကို မဝတ်ဘဲဆန့်ကျင်၍ သပိတ်မှောက်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့သမား၏ လက်ဝါးကြီးအုပ်ထားမှုနှင့် ပြည်သူလူထု၏ အခွင့်အရေးများကို ပိတ်ပင်မှုအား ဆန့်ကျင်ခြင်းဖြင့် လူထုခြေကျင် လမ်းလျှောက်ပွဲကြီးကို ဆင်နွှဲခဲ့၏။ မိုင်ပေါင်း ၂၅ဝ (ကီလိုမီတာ ၄ဝဝ)ကို ဂန္ဒီဦးဆောင်၍ ခြေကျင်လမ်းလျှောက်ခဲ့ပါသည်။ သူနှင့်အတူ အိန္ဒိယပြည် သူ ထောင်ပေါင်းများစွာ ပါဝင်ခဲ့ပါသည်။ ဗြိတိသျှနယ်ချဲ့သမားကို ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေး တောင်းဆိုခဲ့ရုံမက အိန္ဒိယနိုင်ငံတွင် အဆိုးဝါး ဆုံးဖြစ်သော ဇာတ်ခွဲခြားမှုကိုလည်း ဂန္ဒီကတိုက်ဖျက်ခဲ့၏။ အိန္ဒိယတွင် ဇာတ်နိမ့်၊ ဇာတ်မြင့် ပြဿနာမှာအလွန် ကြီးကျယ်လှ၏။ ရှေးနှစ်ပေါင်း များစွာကတည်းက သတ်မှတ်ခဲ့သော ဓလေ့ထုံးစံဟောင်း တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် ဟိန္ဒူ၊ မူဆလင်ခွဲခြားမှုကား အဆိုးဝါးဆုံးဖြစ်လေသည်။ နှစ်စဉ်ဟိန္ဒူ၊ မူဆလင် သတ်ဖြတ်မှု များကြောင့် အိန္ဒိယပြည်သူထောင်နှင့် သောင်းနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။ ဂန္ဒီက ထိုသို့ ဟိန္ဒူ၊ မူဆလင်အဓိကရုဏ်းများ ရပ်တန့်ရန် အစာမစားဘဲ အငတ်ခံဆန္ဒပြခဲ့၏။ အိန္ဒိယပြည်သူ အချင်းချင်း ဤသို့သတ်ဖြတ်နေလျှင် သူလည်း အစာမစားဘဲအသေခံ မည်ဟု ကြေညာခဲ့သဖြင့် ဟိန္ဒူ၊ မူဆလင်တိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ဒုတိယလူဦးရေ အများဆုံး၊ ဆင်းရဲမှုအများဆုံး၊ ဆင်းရဲချမ်းသာကွာဟမှု အကြီးဆုံး၊ ဗိုလ်ကျမှုအများဆုံးရှိသော နိုင်ငံကြီးကို တစည်းတလုံး တည်းဖြစ်အောင် စည်းရုံး၍ လွတ်လပ်ရေးရအောင် ခေါင်းဆောင်နိုင်ခဲ့သူမှာ ဂန္ဒီသာဖြစ်သည်။ သူသည် အလွန်ကြီးကျယ်သော နိုင်ငံရေးသမားကြီး တစ်ဦးလည်း ဖြစ်ပါ သည်။

မြန်မာ့နိုင်ငံရေးလောကတွင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စာရေးဆရာဘဝထက် နိုင်ငံရေးသမားဘဝကို ခုံမင်ခဲ့သူ တစ်ဦးမှာ သခင်သိန်းဖေခေါ် စာရေးဆရာ သိန်းဖေမြင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သလို နိုင်ငံရေး၊ စာပေ၊ သတင်းစာလောကတို့ တွင်ထင်ရှားပြီး သြဇာ ကြီးမားသူလည်း ဖြစ်လေသည်။ ကျောင်းသားဘဝကတည်းက လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သလို ဗြိတိသျှနယ်ချဲ့သမားကို ဆန့် ကျင်တိုက်ခိုက်ခဲ့၏။ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ၌ အိန္ဒိယနိုင်ငံသို့သွားကာ ဗြိတိသျှတို့နှင့်အတူ ပြည်တွင်းမှ ဖက်ဆစ်တော်လှန်ရေး သမားများ အဆက်အသွယ် ရအောင် ကြိုးပမ်းအားထုတ်ခဲ့သည်။ နောင်စစ်ပြီးစတွင် သူသည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ သခင်သိန်းဖေသည် အလွန် စာရေးကောင်းသော စာရေးဆရာကြီးတစ်ဦး ဖြစ်ခဲ့ပါသည်။ သူ၏ ‘တက်ဘုန်းကြီး’၊ ‘တက်ခေတ်နတ်ဆိုး’စသော စာအုပ်များမှာ အလွန်ထင်ရှား၏။ ‘တက်ဘုန်းကြီး’ စာအုပ်ရေးအပြီးတွင် သူ့ကိုတက်ဘုန်းကြီး သိန်းဖေဟုပင် ခေါ်ကြလေသည်။ သူရေးခဲ့သော ‘သပိတ်မှောက် ကျောင်းသား’၊ ‘အရှေ့ကနေဝန်း ထွက်သည့်ပမာ’ ဝတ္ထုကြီး များမှာ မြန်မာစာပေလောကတွင် မှတ်တိုင် စိုက်ထူခဲ့သော စာအုပ်ကြီးများဖြစ်လေသည်။ ‘ဗိုလ်တထောင်’သတင်းစာကို ထူထောင်ကာ အယ်ဒီတာချုပ်အဖြစ် တာဝန် ယူခဲ့သော သတင်းစာဆရာလည်း ဖြစ်သည်။ သို့သော်သူက စာရေးဆရာ၊ သတင်းစာဆရာထက် နိုင်ငံရေးသမားတစ်ဦးအဖြစ် သူ့ကိုယ်သူ တန်ဖိုးထားသူလည်း ဖြစ်ပါ သည်။ ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံရ   ပြီးနောက် ဖဆပလခေတ်တွင် ပမညတ ခေါင်းဆောင်တစ်ဦးအဖြစ် အတိုက်အခံနိုင်ငံရေးသမား ဖြစ်ခဲ့သည်။ လွှတ်တော် အမတ်တစ်ဦး အဖြစ်လည်း လွှတ်တော်ထဲတွင် ဖဆပလအစိုးရကို ဝေဖန်ပြောဆို ခဲ့လသည်။ သူသည် နိုင်ငံရေးလောကတွင် ချစ်သူနည်းပြီး မုန်းသူများသော နိုင်ငံရေး သမားတစ်ယောက်ဟု တချို့ကသတ်မှတ်ခဲ့သော်လည်း နိုင်ငံရေးသမားဖြစ်ရသည်ကို ဂုဏ်ယူခဲ့သော နိုင်ငံရေးသမားတစ်ဦး ဖြစ်လေသည်။

မြန်မာ့နိုင်ငံရေးလောကတွင် နောက်ထပ်အထင်ရှားဆုံး နိုင်ငံရေးသမားမှာ သခင်သန်းထွန်းဖြစ်လေသည်။ သူသည် တက္ကသိုလ်မရောက်ခဲ့သော ကျောင်းဆရာတစ် ဦးဖြစ်ကာ ကွန်မြူနစ်ဝါဒကို အသွေးထဲ၊ အသားထဲမှယုံကြည်ခဲ့သူလည်း ဖြစ်သည်။ သခင်သန်းထွန်းနှင့် ပတ်သက်ပြီး ဆရာဒဂုန်တာရာက ”သူသည် မန္တလေးပိုး အပေါ်ဖုံး ပိုးလုံချည်ကို ဝတ်ထား၏။ မျက်နှာမှာခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရမည်။ အသားကဝါလဲ့လဲ့၊ ဆံပင်ကောက်ကောက် ဖြစ်သည်။ အထူးခြားဆုံးမှာ ခေါင်း ကြီးခြင်းဖြစ်သည်။ အမူအရာမှာ သိမ်မွေ့၏။ စကားပြောလျှင် ခပ်အေးအေးပြောတတ်သည်။

အစကထင်ထားသလို အာပေါင်အာရင်း ဟစ်အော်သူမဟုတ်။ ညင်ညင်ညံညံလေသံဖြင့် ကဗျာဆရာ မီလ်တန်၊ လီနင်ဝါဒ၊ ကိုလိုနီ တော်လှန်ရေး၊ ဘားနတ်ရှောပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္ထု၊ ဗြိတိသျှပါလီမန်၊ ဦးကုလားရာဇဝင်၊ သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာ၊ နတ် ရှင်နောင်ရတု စသောအကြောင်း အရာများကို ပြော၏။

နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း၊ သူသည် အင်္ဂလိပ်စာ၊ ရာဇဝင်စသော ဂုဏ်ထူးများဖြင့် အောင်ကြောင်း သိရသည်။ ထိုစဉ်အခါက သူသည် ရန်ကုန်အရှေ့ပိုင်း ကုလားကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာပြဆရာလုပ်လျက် ရှိလေသည်။

၁၉၃၉ က တို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယကွန်ဂရက်၏ ဖိတ်ကြားချက်အရ ရမ်းဂါးသို့သခင်အောင်ဆန်း၊ ကိုဘဟိန်း၊ သခင်သန်းထွန်းတို့ပါ သွားကြသည်။ တက္ကသိုလ်ကျောင်းသား သမဂ္ဂက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏဖိတ်ပြီး စကားပြောစေသည်။ သခင်သန်းထွန်းကို ပွဲတောင်းကြ သည်ဟု ဆို၏။

ဂျပန်ခေတ်လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဖြစ်စဉ်က သူ့ဌာနတွင် လုပ်သောအတွင်းဝန်များက သူ့ကို လေးစားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူသည်လယ်ယာ စိုက်ပျိုးရေးကို နားလည်ပြီး ညာဝါးဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်သောကြောင့်ဖြစ် သည်။

သူသည် နဂါးနီစာအုပ်အသင်းကို ထူထောင်သူဖြစ်သည်။ သူနှင့် သခင်စိုးသည် မြန်မာပြည်တွင် မာ့က်စ်ဝါဒ၊ လီနင်ဝါဒကို ပထမဆုံး ဖြန့်သောသူများ ဖြစ်သည်။ သခင်စိုး က စာပေဖြစ်အောင်လုပ်ပေးသည်။ ဆိုရှယ်လစ်ဝါဒနှင့် မြန်မာပြည်၊ ကမ္ဘာစသည်တို့နှင့်ယှဉ်ကာ နား လည်အောင် လုပ်ပေးသူဖြစ်သည်။

ယခုခေတ် ကွန်မြူနစ်ဝါဒကို လေ့လာသူတိုင်း သခင်စိုး၊ သခင်သန်းထွန်းတို့ ပြုစုစိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းကြ။ သူတို့ စကားလုံးတွေကိုပင် လူတွေက သင်အံပြီး ဖောက်ပြန်ရေး၊ ကလာပ်စည်း၊ လူမှုဆက်ဆံရေးစသည်ဖြင့်  ကြွေးကြော်နေကြသည်ဟု ရေးခဲ့ပါသည်။ သခင်သန်းထွန်းသည် နိုင်ငံရေးသတ္တဝါ လုံးလုံးလျား လျားဖြစ်၏။ ကွန်မြူနစ်စစ်စစ်လည်း ဖြစ်သည်။ ၁၉၄၈ ကတည်းက သူသည် ဖဆပလအစိုးရကို လက်နက်စွဲကိုင်ကာ တောခိုသူပုန်ထခဲ့သည်။ တောထဲ၌ပင် လုပ်ကြံ သတ်ဖြတ်ခံရပြီး ကွယ်လွန်သွားခဲ့သော နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်ပေသည်။

မြန်မာ့ နိုင်ငံရေးလောကတွင် ထင်ရှားပြီး ချစ်သူများရှိသလို မုန်းသူများသည်ဟု ပြောရလောက်သော နိုင်ငံရေးသမားများ ရှိပါသည်။ ဥပမာ-သခင်စိုး၊ ဦးကျော်ငြိမ်း၊ ဦး သိန်းဖေမြင့်တို့မှာ အချစ်ခံ၊ အမုန်းခံကြားတွင် ရှိနေသူများ၊ တချို့က အမုန်းများခံရသူများဟု ကင်ပွန်းတပ်ခဲ့ကြ၏။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည် မြန်မာ့လွတ် လပ်ရေးအတွက် ဗြိတိသျှနယ်ချဲ့ သမားရော၊ ဖက်ဆစ်ဂျပန်တို့ကိုပါ တွန်းလှန်တိုက်ခိုက်ခဲ့သူများ ဖြစ်၏။

 ထို့ကြောင့် နိုင်ငံတိုင်း၏ သမိုင်းများမှာပင်ဖြစ်စေ၊ ကမ္ဘာ့သမိုင်းတွင်ပင်ဖြစ်စေ နိုင်ငံရေးသမားများသည် အရေးကြီးသော အခန်းကဏ္ဍမှနေ ၍ နိုင်ငံကိုပြောင်းလဲစေခဲ့သလို ကမ္ဘာကြီးကိုလည်း ပြောင်းလဲစေခဲ့ပါသည်။ ဟစ်တလာလို၊ မူဆိုလီနီလို၊ တိုဂျိုလိုဖက်ဆစ်ဝါဒကို ကမ္ဘာတွင် မျိုးစေ့ချပေးကာ ကမ္ဘာကြီးကို မီးလောင်တိုက်သွင်းခဲ့သူများ လည်း ရှိကြပေသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးသမားများသည် သမိုင်းကို ဖန်တီးသူများဖြစ်ကြောင်းကိုကား မည်သူမျှ ငြင်းကွယ်၍မရနိုင်ပေ။ ထို့ကြောင့် နိုင်ငံရေး သမားဆိုးကို လူထုကပစ်ပယ်ကာ နိုင်ငံရေးသမားကောင်းများကို ရွေးချယ်တတ်ဖို့သာ လိုအပ်ပါသည်။

0 ဝေဖန်ချက်များ:

Post a Comment