Sunday, February 12, 2012

အမျိုးသမီးတွေ ဦးဆောင်ရင် ငြိမ်းချမ်းမလား

@Maukkha

အမျိုးသမီးတွေဦးဆောင်ရင် ကမ္ဘာကြီး ပိုငြိမ်းချမ်းလိမ့်မလား။ ဟားဗတ်တက္ကသိုလ် စိတ်ပညာရှင် စတီဗင် ပင်ကာ (Steven Pinker) ကတော့ သူ့ရဲ့စာအုပ်အသစ် The Better Angels of Our Nature မှာ အမျိုးသမီးတွေ ဦးဆောာင်ရင် ပိုငြိမ်းမှုရှိမယ်လို့ အဖြေပေးထားသည်။

မစ္စတာပင်ကာ က လူသားတွေရဲ့ ခေတ်အဆက်ဆက် အကြမ်းဖက် သတ်ဖြတ်မှုဖြစ်ရပ်တွေကို ဒေတာတွေနဲ့ ဖော်ပြထားပြီး၊ ဟိုးအရင်ခေတ်တွေနဲ့နှိုင်းစာရင် ယနေ့ အကြမ်းဖက်မှု တဖြည်းဖြည်း လျော့ကျဆင်းလာတယ်လို့ သူ့စာအုပ်မှာ ဆိုထားသည်။

နောက် သူက “သမိုင်းတလျှောက်ကိုကြည့်ရင် အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေး အင်အားစုတွေဖြစ်ခဲ့တယ်၊ နောင်လည်း ဆက်ဖြစ်နေဦးမယ်။ အစဉ်အလာ ဒေသစစ်ပွဲတွေက အမျိုးသားတွေရဲ့ ဂိမ်းပွဲဖြစ်တယ်။ လူမျိုးစု အမျိုးသမီးတွေက သူတို့နဲ့ မျိုးနွယ်မတူတဲ့ အိမ်နီးချင်းတွေရဲ့ ကျေးရွာတွေကို ၀င်ရောက်ကျုးကျော် တိုက်ခိုက်တာမျိုး ဘယ်တော့မှမလုပ်ဘူး” ဟု ဆိုသည်။


မိခင်တွေအနေနဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရင်သွေးတွေကို ပြုစုပျိုးထောင်ရင်း၊ နောင်မျိုးဆက်ကို ဆက်လက်ရှင်သန်စေရင်း ငြိမ်းချမ်းရေးအခြေအနေကို ထိန်းသိမ်းပြီ ဆင့်ကဲဖြစ်စဉ်ဖြင့် တာဝန်ယူခဲ့ကြသည်။

ဒါပေမဲ့ ဝေဖန်ချင်သူတွေကတော့ အမျိုးသမီးတွေက စစ်ပွဲတွေ ဘယ်ဖန်တီးမလဲ၊ သူတို့မှာ အာဏာပါဝါမှ မရှိတာဟု ပြောကြသည်။ အမျိုးသမီးတွေသာ ခေါင်းဆောင်ဖြစ်ပြီး အာဏာရှိခဲ့ရင် အမျိုးသားခေါင်းဆောင်တွေ လုပ်သလို ရန်လိုတဲ့ဆုံးဖြတ်ချက်တွေနဲ့ ကမ္ဘာကို မင်းမဲ့စရိုက်အခြေအနေဖြစ်အောင် ဖန်တီးကြမှာပဲဟု ထောက်ပြသည်။

ဥပမာ၊ ဗြိတိန်က မာဂရက်သက်ချာ၊ အစ္စရေးက ဂိုလ်ဒါမေယာ နဲ့ အိန္ဒိယက အင်ဒီယာဂန္ဒီ တို့ဟာ တန်ခိုးထွားခဲ့တဲ့ သံမဏိအမျိုးသမီးတွေ ဖြစ်ပြီး သူတို့ သုံးဦးစလုံး သူတို့တိုင်းပြည်တွေကို စစ်ဖြစ်အောင် ဦးဆောင်ခဲ့ကြသည်။

သို့သော် တဖက်ကကြည့်ရင် အဲဒီအမျိုးသမီးတွေဟာ ယောက်ျားသားတို့ ကြီးစိုးထားတဲ့ နိုင်ငံရေးလောကထဲ ခေါင်းဆောင်မှုနေရာ ရအောင်ယူနိုင်ခဲ့တာကိုက အောင်မြင်မှုဟု ဆိုရမည်။ ဖိုဝါဒတန်ဖိုး လွှမ်းမိုးကြီးစိုးနေချိန်၊ အဲဒီအမျိုးသမီးသုံးဦးက သူတို့ခေါင်းဆောင်မှု နေရာအတွက် ယောက်ျားသားတို့ထက် ပိုကြမ်းပြခဲ့ရပုံပေါ်သည်။

တကယ်လို့ ခေါင်းဆောင်မှုနေရာ အချိုးအစားအရ အမျိုးသမီး တ၀က်ခန့် အာဏာမျှဝေရရှိထားတဲ့ တိုင်းပြည်မျိုးတွေသာဖြစ်ခဲ့လျှင် အဲဒီအမျိုးသမီးခေါင်းဆောင်သုံးဦးက ကြမ်းကြမ်းရမ်းရမ်း ပြုမူချင်မှ ပြုမ
ခဲ့လိမ့်မည်။

ဒီလိုဆိုရင် မေးခွန်းက ရှိလာပြီ။ ခေါင်းဆောင်မှုကဏ္ဍနဲ့ ရာထူးအာဏာမှာ ကျားမ တန်းတူမှုနဲ့ အချိုးစားညီမျှမှု ရှိသင့်သလား။

များစွာသော စိတ်ပိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်တွေအရတော့ အမျိုသားတွေက အမိန့်ပေးမှုအပါအ၀င် ပါဝါအမာအတွက် ဦးတည်ဆောင်ရွက်ကြသည်။ အမျိုးသမီးတွေက စွဲဆောင်ခြင်း စည်းရုံးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ပါဝါအပျော့ကို မွေးရာပါ ထိုးထွင်းကြံစ နားလည်ပြီး ဆောင်ရွက်ကြသည်။ သမားရိုးကျ အမျိုးသားတို့ ပုံစံဖြင့် ဖွဲ့စည်းထားတဲ့ အမေရိကန်စစ်တပ်သည်ပင်လျှင် အမျိုးသမီး စတိုင်ဖြင့် အောင်မြင်မှုရရှိနိုင်တာတွေကို မကြာခင်က တွက်ချက်စဉ်းစားလာသည်။

အင်ဖော်မေးရှင်းကို အခြေပြုလာတဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေမှာ အထက်အောက်အမိန့်ပေးစနစ်ကို မြောင်းထဲပစ်လိုက်ကြသည်။ အထက်အောက်စနစ်နေရာမှာ ကွန်ယက်ဖွဲ့စနစ်က အစားထိုး နေရာယူ လာသည်။ ကျယ်ပြန့်များပြားတဲ့ အဖွဲ့အစည်းတွေရဲ့ စီမံခန့်ခွဲရာမှာ တစ်ဦးတစ်ယောက်ထဲက ခေါင်း ဆောင် မှုကို ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲ၊ ပြောင်းလဲမှုတွေ လုပ်လာကြသည်။

မျှဝေထားတဲ့ ခေါင်းဆောင်မှု (shared leadership) နဲ့ ဖြန့်ဝေထားတဲ့ ခေါင်းဆောင်မှု (distributed leadership) မျိုးတွေ ရှိလာသည်။ ခေါင်းဆောင်မှုပုံစံက ပိရမစ်ပုံလို အထက်ကို ချွန်တက်သွားတာမျိုး မဟုတ်တော့။ အလယ်ဗဟိုကို ၀ိုင်းထားတဲ့ စက်ဝိုင်းပုံ ဖြစ်သည်။ ဥပမာ ဂူဂယ်ကုမ္ပဏီရဲ့ စီအီးအို Eric Schmidt က သူ့ရဲ့ အိုင်တီ အလုပ်သမားတွေကို တယုတယ ဖူးဖူးမှုတ်ထားရသည်ဟု ပြောဖူးသည်။ ခေါင်းဆောင်မှုက ဖြန့်ကျက်ထားပြီး ၀ိုင်းကြီးပတ်ပတ်ဖြစ်သည်။

စစ်တပ်တွေမှာလည်း ခေါင်းဆောင်မှုပုံစံ အပြောင်းအလဲတွေ ရင်ဆိုင်နေရသည်။ အမေရိကန် ပြည်ထောင် စုမှာ ပင်တဂွန် စစ်ရေးထရိန်နင်ပေးသူတွေက အမိန့်ပေးအော်ငေါက်ခိုင်းမှု လျှော့ချလာရသည်။ အကြောင်း မှာ ယနေ့ မျိုးဆက်သစ်တွေက ထရိန်နင်ပေးသူတွေခိုင်းသမျှ တုံ့ပြန်ဆောင်ရွက်ရာမှာ ပိုမိုမြန်ဆန်လာခြင်းကြောင့် ဖြစ်သည်။ အကြမ်းဖက်တွေနဲ့ ရန်သူတွေကို အောင်နိုင်ရေးက အရင်ကလို အဆောက်အဦတွေ ဖြိုချရုံ အလောင်းတွေ ကောက်ရုံနဲ့ မလုံလောက်။ ရန်သူကို ဦးနှောက်ရော နှလုံးသားနဲ့ပါ အနိုင်ယူနိုင်မယ့် အရည်အချင်းပြည့် စစ်သားတွေ လိုအပ်လာခြင်းကြောင့်ပင်။

အမေရိကန်သမ္မတဟောင်း ဂျော့ဒဗယူဘုရှ် က သူ့တာဝန်ကို ပြောပြဖူးသည်။ “ကျနော့်အလုပ်က ဆုံးဖြတ်သူ (the decider) ပါ၊ ဒါပေမဲ့ ခေတ်သစ်ခေါင်းဆောင်မှုဆိုတာ ဆုံးဖြတ်သူအဆင့်ထက် ပိုရမယ်၊ ကွန်ယက်တွေကို အသုံးချနိုင်ရမယ်၊ ပူးပေါင်းဆောင်ရွက်နိုင်ရမယ်၊ ကိုယ့်မစ်ရှင်ထဲ ပါဝင်လာအောင် အားပေးရမယ်” ဟု ဆိုသည်။ ဒါကြောင့် အထက်အောက် အမိန့်ပေးပုံစံ ခေါင်းဆောင်မှုကို ဒီနေ့ခေတ်မှာ ကွန်ယက်ဖွဲ့စည်းမှုတွေနဲ့ ဖြိုချလိုက်ကြပြီ။

ဒါကြောင့် ကမ္ဘာ့အခင်းအကျင်းအသစ်မှာ ခေါင်းဆောင်မှုသစ်အတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရေးပါလာသည်။ ပင်ကိုယ်အားဖြင့် အမျိုးသမီးတွေရဲ့ စတိုင်က အထက်အောက် အမိန့်ပေးမှုမျိုးမဟုတ်။ သူတို့ရဲ့ စွဲဆောင်မှု ပူးပေါင်းပါဝင်အောင် စည်းရုံးနိုင်မှု ဆက်ဆံရေး ပါးနပ်ကျွမ်းကျင်မှုက ယနေ့ခေတ် အသိပညာအခြေပြု အဖွဲ့အစည်းတွေနဲ့ ကမ္ဘာသစ်အတွက် လိုအပ်လာသည်။ အမျိုးသားတွေမှာ မရှိတဲ့ အရည်အချင်းမျိုးတွေ သူတို့မှာ ရှိနိုင်ပြီး အဲဒီဟာတွေက ခေတ်လိုအပ်ချက်ဖြစ်လာသည်။

အတိတ်တုန်းက အမျိုးသမီးတွေဟာ အဖွဲ့အစည်းတွေရဲ့ ထိပ်ဆုံးနေရာရောက်ဖို့ ကျားကုပ်ကျားခဲ ကြိုးစားရာမှာ ယောက်ျားစတိုင် (masculine style) ကို အတုယူဆောင်ရွက်ရသည်။ မ သဘာဝ ချိုသာပြေပြစ်မှု လူမှုစံနှုန်းတွေကို ကျောခိုင်းပြီး ကျားကျားယားယား မိန်းမတွေ ဖြစ်ကြရသည်။ အဲဒီအချိန် အဲဒီခေတ် ခေါင်းဆောင်မှုက အဲဒီကျားကျားယားယား ဖိုက်တာပုံစံကိုသာ တောင်းဆိုခြင်းကြောင့် ဖြစ်သည်။
အခုတော့ အင်ဖော်မေးရှင်း တော်လှန်ရေးနဲ့ ဒီမိုကရေစီဖြစ်စဉ်တွေက အားလုံး ပူးပေါင်းပါဝင်အောင် စည်းရုံးနိုင်မယ့် ခေါင်းဆောင်မှုပုံစံကို တောင်းဆိုလာသည်။ ခေတ်သစ် ခေါင်းဆောင်မှုကဏ္ဍ ပိုမိုထိရောက်ဖို့အတွက် ဣတ္ထိ စတိုင် (feminine style) တွေ လိုအပ်လာသည်။ အဖွဲ့အစည်းဖြစ်ဖြစ် တိုင်းပြည်ကိုဖြစ်ဖြစ် အောင်မြင်အောင် ဦးဆောင်ဖို့ဆိုရင် အမျိုးသားတွေဟာ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ စတိုင်ကို တန်ဖိုးထားရုံမက၊ ပါးနပ်မှု စွဲဆောင်စည်းရုံးနိုင်မှု မျိုးဆက်အတွက် စိတ်ရှည်အနစ်နာခံမှု ငြိမ်းချမ်းဖွံ့ဖြိုးလိုမှု စတဲ့ ဣတ္ထိ စတိုင် အရည်အချင်းတွေကိုပါ ကိုယ်တိုင် ကျွမ်းကျင်ထားကြဖို့လိုမည်။

လောလောဆယ်တော့ ခေါင်းဆောင်မှုနေရာတွေမှာ အမျိုးသမီးတွေ ရာထူးရရှိမှု အရမ်းနည်းနေသေးသည်။ နိုင်ငံစုံကော်ပိုရေးရှင်းတွေမှာ ထိပ်ဆုံးနေရာယူထားသူတွေအနက် ၅ ရာခိုင်နှုန်းသာ အမျိုးသမီးတွေ ရှိသည်။ ရွေးကောက်ခံ ဥပဒေပြုအမတ်တွေကိုကြည့်ရင် အမေရိကန်လွှတ်တော်မှာ ၁၆ ရာခိုင်နှုန်းသာ အမျိုးသမီး ရှိသည်။ ဆွီဒင် ပါလီမန်သာ ကမ္ဘာမှာထူးထူးခြားခြားဖြင့် အမျိုးသမီး ၄၅ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည်။

နောက်ထပ် လေ့လာချက်တစ်ခုအရ ၂၀ ရာစုအတွင်း လွတ်လပ်တဲ့ တိုင်းပြည်တွေမှာ ခေါင်းဆောင် စုစုပေါင်း ၁၉၄၁ ဦး အုပ်ချုပ်ခဲ့ပြီး၊ ၄င်းတို့အနက် အမျိုးသမီးခေါင်းဆောင် ၂၇ ဦးသာ ရှိခဲ့သည်။ အဲဒီ ၂၇ ဦးမှာတောင် တစ်ဝက်ကျော်က ကွယ်လွန်သွားတဲ့ နာမည်ကြီးအမျိုးသားခေါင်းဆောင်တွေရဲ့ မိန်းမတွေနဲ့ သမီးတွေ ဖြစ်သည်။ အခု ၂၁ ရာစုမှာ အုပ်စိုးနေတဲ့ ခေါင်းဆောင်တွေအနက် လောင်းရိပ်ကင်းတဲ့ ကိုယ်ထူးကိုယ်ချွန် အမျိုးသမီးခေါင်းဆောင်က ၁ ရာခိုင်နှုန်းသာ ရှိသည်။

ဒီနေရာမှာ ခေါင်းဆောင်မှုသစ်အတွက် မေးခွန်းရှိလာပြန်ပြီ။ အင်ဖော်မေးရှင်းခေတ်ကို ၀င် ရောက်ခြင်း ဆိုတာ အမျိုးသမီး ကမ္ဘာလောကကို ၀င်ရောက်ခြင်းလို့ ဆိုရင်၊ ဘာကြောင့် အမျိုးသမီးတွေ ထိပ်ဆုံး နေရာ တွေ ရမလာတာလဲ။

ဦးဆောင်မှုနေရာတွေမှာ အမျိုးသမီးတွေရဲ့ အတွေ့အကြုံအားနည်းမှု၊ မိသားစုစောင့်ရှောက်ရေး တာဝန်ယူရမှု၊ အစဉ်အလာ ခွဲခြားဆက်ဆံခံရမှု စတာတွေကြောင့် ရာထူးနေရာတွေမှာ ကျားမ ကွာဟချက် ရှိနေခြင်းဖြစ်သည်။ ယဉ်ကျေးမှုအစဉ်အလာတွေနဲ့ ရိုးရာအလုပ်တွေကလည်း သူတို့ကို ခေါင်းဆောင်မှုနေရာ မရောက်အောင် ဟန့်တားထားသည်။ အဖွဲ့အစည်းတွေရဲ့ မူဘောင်စံနှုန်းတွေမှာ လိုအပ်တဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေ အမျိုးသမီးတွေကို မဖြည့်ဆည်းပေးနိုင်သေးတာကြောင့် ဖြစ်သည်။

ဒီမိုကရေစီဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတွေမှတောင် အမျိုးသားတို့ ကြီးစိုးထားတဲ့ အဖွဲ့အစည်း ကွန်ယက်တွေထဲ အမျိုးသမီးတွေ မပါဝင်နိုင် ဖြစ်နေသေးသည်။ ကျားမ ဆိုတဲ့ အစဉ်အလာ ခွဲခြားတဲ့ အဟန့်အတားတွေကြောင့် အဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီးတွေ မပါဝင်နိုင်တာ ဖြစ်သည်။

ကနေ့ အင်ဖော်မေးရှင်းအခြေပြု လူ့အဖွဲ့အစည်းတွေမှာ အဲဒီ ကျားမ အစွဲတွေကို စတင်ဖြိုချဖို့ လိုအပ်နေပါပြီ။ သို့သော် အင်ဖော်မေးရှင်းခေတ် ခေါင်းဆောင်မှုပုံစံဟာ အမျိုးသမီးကမ္ဘာလို့ အစွန်းရောက် ယူဆတာမျိုးလည်း မဖြစ်သင့်ပါ။ အဖွဲ့အစည်းနဲ့ လူ့အဖွဲ့အစည်း အောင်မြင်ဖို့အတွက် အမျိုးသား အမျိုးသမီးတွေရဲ့ မတူညီတဲ့ အရည်အချင်းတွေ ပေါင်းစပ်ပြီး ထိရောက်တဲ့ ခေါင်းဆောင်မှုသစ်ကို ထူထောင်ကြရမည်ဖြစ်သည်။ ပုံသေကားကျ အစွဲအလမ်းတွေက အမျိုးသားအတွက်ဖြစ်ဖြစ် အမျိုးသမီးအတွက်ဖြစ်ဖြစ် ထိရောက်တဲ့ ခေါင်းဆောင်မှုအတွက်ဖြစ်ဖြစ် ဆိုးကျိုးသာ ဖြစ်စေလိမ့်မည်။

ခေါင်းဆောင်တွေကို သူရဲကောင်းဆန်ဆန် အမိန့်ပေးတဲ့သူတွေလို မရှုမြင်သင့်တော့ပါ။ အဖွဲ့အစည်းအတွက်၊ အုပ်စုအတွက်၊ ကွန်ယက်အတွက်၊ တိုင်းပြည်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်အောင် အားပေးတိုက်တွန်းတဲ့ သူတွေလို့သာ ကြည့်မြင်သင့်သည်။

အတိတ်က အစဉ်အလာ ကျားမ ခွဲခြားမှုတွေကြောင့် ပျောက်ဆုံးခဲ့ရတဲ့ ပါဝါ အပျော့တွေကို လုပ်ငန်းရဲ့ မစ်ရှငအာင်မြင်ရေးအတွက် အသုံးချဖို့လိုလာသည်။ အမျိုးသားရော အမျိုးသမီးပါ ပါဝါ အမာနဲ့ ပါဝါအပျော့ရဲ့ skills တွေကို အညီအမျှ ဆက်စပ်အသုံးချတတ်ဖို့ လိုလာသည်။ အခြေအနေအရ လိုအပ်တဲ့အခါ အမျိုးသားတွေက အမျိုးသမီးလို စဉ်းစား လုပ်ကိုင်တတ်ဖို့ လိုအပ်သလို၊ အမျိုးသမီးတွေကလည်း အမျိုးသားလို ပါဝါအမာကို အသုံးချတတ်ဖို့ လိုအပ်မည်သာ။

အနာဂတ် ကမ္ဘာရဲ့ စစ်နဲ့ ငြိမ်းချမ်းရေးဟာ ကျားမ ဆိုတဲ့ အပေါ်မှာ မှီတည်မနေပါ။ ခေါင်းဆောင်လုပ်သူတွေက ပါဝါ အမာနဲ့ ပါဝါ အပျော့ နှစ်ခုကို ကျွမ်းကျင်စွာပေါင်းစပ်ပြီး စမတ်ကျတဲ့ မဟာဗျူဟာတွေ ချမှတ်နိုင်မှုအပေါ်မှာသာ မှီတည်နေပါသည်။ အမျိုးသားရော အမျိုးသမီးပါ နှစ်ဦးစလုံး အဲဒီ စမတ်ကျကျ မဟာဗျူဟာ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့လိုမည်။

စာရေးဆရာ ပင်ကာ သူ့စာအုပ်မှာ ပြောသလို ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ ဆက်ရှိနေတာ ဆက်ဖြစ်နေတာဟာ အမျိုးသမီးတွေကို အသိပညာနဲ့ လုပ်ပိုင်ခွင့် ပေးမှု အားနည်းခဲ့တာတွေကြောင့်၊ ကျားမ အစဉ်အလာ ခွဲခြားမှုတွေကြောင့် ဆိုတာ ဖြစ်နိုင်ပါသည်။ ဒါကြောင့် အနာဂတ်ကမ္ဘာရဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဟာ အမျိုးသမီးတွေကို ပညာပေးမှု၊ အခွင့်အာဏာနဲ့ လုပ်ပိုင်ခွင့်ပေးမှု (empowerment of women) တို့အပေါ် အများကြီး တည်မှီနေပါသည်။

ရည်ညွန်း။ When Women lead by Joseph S. Nye

0 ဝေဖန်ချက်များ:

Post a Comment