Tuesday, February 21, 2012

လက်ရွေးစင် ဘောလုံးအသင်းနှင့် နားမလည် နိုင်ခဲ့သော ဖီဖာကမ္ဘာ့အဆင့် ပုစ္ဆာ

CREDIT TO SOCCER MYANMAR


ဖေဖော်ဝါရီလ ဖီဖာကမ္ဘာ့အဆင့် ထွက်ပေါ်မှုက မြန်မာ့ဘောလုံး တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် နေသူများ အတွက် သာမက စိတ်ပါဝင်စားသူ အားလုံးအတွက်ပါ စိတ်ပျက်စရာ သတင်းတစ်ပုဒ် ဖြစ်စေခဲ့သည်။ ကမ္ဘာ့အဆင့် (၁၇၄)ဆိုသည်က အံ့အားသင့်စရာ မဖြစ် လှပေမယ့် အာဆီယံအဆင့်(၉) ဆိုသည်ကတော့ မြန်မာ့ဘောလုံး လောကကို အတိုင်းအတာ တစ်ခုအထိ ဂယက်ရိုက်စေခဲ့သည် အမှန်ပင်။ အိမ်နီးချင်း နိုင်ငံများအကြား ရှက်ဖွယ်လိလိ ကမ္ဘာ့အဆင့် ထိုးကျသွားခဲ့ကြသည့် အတွက် ပရိသတ်များ မချိတင်ကဲ ဖြစ်ခဲ့ကြရသည်။ ဝေဖန် သံများ ပွက်ပွက်ညံ ထွက်ပေါ်လာခဲ့သည်။

၁၉၉၆ခုနှစ် ဧပြီလ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်း အဆင့် (၉၇)အထိ တက်လှမ်း နိုင်ခဲ့သည့်တိုင် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့်(၁၇၄)အထိ ကျဆင်းခဲ့ရာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အနေအထားနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် ခါးသီးပြိုင်ဘက်ဟု ဆိုနိုင်သည့် ဗီယက်နမ်မှာမူ မြောက်ကိုရီးယား ကဲ့သို့ အသင်းမျိုး၏ အထက် ကမ္ဘာ့အဆင့်(၁၀၀) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ဒေသတွင်း အဓိက ပြိုင်ဘက်များ ဖြစ်ကြခဲ့သည့် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားတို့ မဆိုထားဘိ တစ်ချိန်က ဘယ်အချိန် ကန်ကန် ဂိုးပြတ် အနိုင်ကန် နိုင်ခဲ့သည့် ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီယား အစရှိသည့် နိုင်ငံအသင်းများကပင် ကိုယ့်အထက်တွင် ရှိနေသည်က နားလည် လက်ခံပေးနိုင်သည့် ရလဒ်မျိုးမဟုတ်။ ဒေသတွင်း (၁၁) နိုင်ငံတွင် မြန်မာအောက်၌ ဘရူနိုင်းနှင့် အရှေ့တီမော အစရှိသည့် နိုင်ငံတို့သာ ကျန်သည်။ မြန်မာ့ဘောလုံး တိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်နေသူများ အပါအ၀င် ဘောလုံးအပေါ် စိတ်ပါဝင်စား သူတိုင်း လိုချင်သည့် အဆင့်မျိုးနှင့် ပြောင်းပြန်ဖြစ်နေသည်။ ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ပေးသည့် စနစ်အပေါ် အပြစ်လွှဲချကြ ဦးမည်လားမသိ။

ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်မှုတွင် နိုင်ငံလက်ရွေးစင် အသင်း၏ ပွဲကစားမှု ရလဒ်များက အဓိကကျ လှပေသည်။ သို့တစေ မြန်မာ့ လက်ရွေးစင်အသင်း အနေဖြင့်မူ ပြီးခဲ့သည့် (၆)လတာ ကာလအတွင်း ခြေစမ်းပွဲ၊ ခြေသွေးပွဲ တစ်ပွဲမျှပင် ကစားနိုင်ခဲ့ခြင်းမရှိ။ ထိုအချက်သည် မီးမောင်းထိုးပြရန်ပင် မလိုသည့် ဖီဖာကမ္ဘာ့အဆင့် နိမ့်ကျရခြင်း၏ အဓိက အကြောင်းအရင်းပင် ဖြစ်သည်။ မြန်မာ့လက် ရွေးစင် အသင်းကြီးအတွက် ကိုရီးယား လူမျိုးနည်းပြ ပတ်ဆောင်ဟွာအား နည်းပြချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။ ကြံ့ခိုင်ရေး နည်းပြတစ်ဦး ကိုလည်း ငှားရမ်းပေးသည်။ သို့သော် ပတ်ဆောင်ဟွာ အနေဖြင့် ယူ-၂၁ လက်ရွေးစင် အသင်းနှင့်အတူ အရည်အချင်း အစမ်းသပ်ခံရရန် ရှိနေသည်။ ယူ-၂၁ လက်ရွေးစင် အသင်းအား ဘရူနိုင်း ဖိတ်ခေါ်ဖလားပွဲတွင် အောင်မြင်မှု ရရှိစေရန် ကြိုးပမ်းအားထုတ် နေရသည်။ ယူ-၂၁ လက်ရွေးစင် အသင်း အနေဖြင့် ခြေစမ်းပွဲ (၃)ပွဲတိတိ (အူလ်ဆန် တက္ကသိုလ်နှင့် နှစ်ပွဲ၊ ဇွဲကပင် ယူနိုက်တက်နှင့် တစ်ပွဲ) ကစားခဲ့ပြီး ဖြစ်သည့်တိုင် စုပေါင်းလေ့ကျင့်ရက် (၄)၊ (၅)ရက်ထက် မပို။ မကြာမီ သွားရောက် ယှဉ်ပြိုင်ရမည့်၊ ဒေသတွင်း နိုင်ငံများ အားလုံး ပါဝင် ယှဉ်ပြိုင်မည့် အဆိုပါ ဖိတ်ခေါ်ဖလားပွဲတွင် ရလဒ်များ မကောင်းခဲ့ပါက နည်းပြချုပ်၏ အနာဂတ်မှာ စိတ်ဝင်စားစရာ ဖြစ်လာ နိုင်သည်။

မြန်မာ့ လက်ရွေးစင်အသင်း အနေဖြင့်မူ ပြီးခဲ့သည့် (၆)လတာ ကာလအတွင်း ခြေစမ်းပွဲ၊ ခြေသွေးပွဲ တစ်ပွဲမျှပင် ကစားနိုင်ခဲ့ခြင်းမရှိ။ ထိုအချက်သည် မီးမောင်းထိုးပြရန်ပင် မလိုသည့် ဖီဖာကမ္ဘာ့အဆင့် နိမ့်ကျရခြင်း၏ အဓိက အကြောင်းအရင်းပင် ဖြစ်သည်...လက်ရွေးစင် နည်းပြချုပ် ပတ်ဆောင်ဟွာအတွက် အချိန်အတိုင်း အတာတစ်ခု လိုအပ်ပေသည်။ လက်ရွေးစင် အသင်းကြီး အတွက် ခေါ်ယူထားသည့် နည်းပြဖြစ်လင့်ကစား လက်ရွေးစင်အဆင့် ကစားသမားများနှင့် တစ်ကြိမ်တစ်ခါမျှပင် ထိတွေ့ခွင့် မရသေးပေ။ ယူ-၂၁ လက်ရွေးစင် ကစားသမား များမှာလည်း ပြည်တွင်းလိဂ် ပြိုင်ပွဲများ ကျင်းပနေချိန်ဖြစ်၍ လုံလောက်သည့် ထိတွေ့ခွင့်မျိုးမရခဲ့။ ရသည့် အချိန်တိုလေးအတွင်း အကောင်းဆုံး ပြင်ဆင်၍ ဘရူနိုင်းဖိတ်ခေါ်ဖလား ပြိုင်ပွဲဝင်မည်မှာ ယုံမှားစရာ မရှိသော်ငြား ရလဒ်ကောင်းကောင်း ရဖို့ရန်အတွက်မူ ကံကိုသာပင် မျှော်ကိုးရပေဦးမည်။ နည်းပြတစ်ဦးက “စိတ်ပူရန်မလို၊ ပြိုင်ဘက် အသင်းများမှာ လူငယ်အသင်းများ ဖြစ်၍ မြန်မာအသင်းမှာ အသက်လွန် ကစားသမားများဖြင့် စုဖွဲ့ထား၍ ပြဿနာမဖြစ်နိုင်” ဟုဆိုသည်။ ဟုတ်ကောင်း ဟုတ်ပေလိမ့်မည်။


လက်ရှိ မြန်မာ ဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ လက်ရွေးစင် အဆင့် အသင်းတိုင်းလိုလိုတွင် နိုင်ငံခြားသား နည်းပြများ ခန့်အပ် ထားသည်ကို အားရဖွယ် တွေ့ရသည်။ လက်ရွေးစင် အသင်းကြီးနှင့် ယူ-၂၁အသင်းအား ပတ်ဆောင်ဟွာ၊ ယူ-၁၉အသင်းအား ဂျာမန် နည်းပြ မစ္စတာဂတ်၊ ယူ-၁၆အသင်းနှင့် လူငယ် အကယ်ဒမီ အတွက် ဘရာဇီးလ်နည်းပြ မာကို၊ အမျိုးသမီး လက်ရွေးစင် အသင်းအတွက် ဂျပန်နည်းပြ မစ္စတာ ဆူဇူကီး စသဖြင့် အသီးသီး ခန့်အပ် တာဝန်ပေးထားသည်။ ထို့အပြင် ယူ-၂၃ လက်ရွေးစင်နှင့် ဇေယျာရွှေမြေ နည်းပြဟောင်း ဆွီဒင်ကြီး စတီဖန် ဟန်ဆန်ကိုလည်း အဖွဲ့ချုပ်၏ နည်းစနစ်ဒါရိုက်တာ အဖြစ် ခန့်အပ်တာဝန် ပေးထားသည်။ စာရွက် ပေါ်တွင်ကြည့်မည် ဆိုပါက မြန်မာဘောလုံး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်နေမှုမှာ အားတက်စရာ ကောင်းလှပေသည်။ သို့သော် လက်ရွေးစင်အဆင့် နည်းပြများအကြား မကျေမနပ် ဝေဖန်သံများ၊ နေရာလုသံများက ဖုံးဖိထား၍ မရခဲ့။ အမျိုးသမီး လက်ရွေးစင်အသင်းအား ကိုင်တွယ်နေသည့် ဂျပန်နည်းပြကြီး တစ်ယောက်သာ အေးသည်။ အသင်းလုမည့်သူမရှိ။ ကစားသမားများအား သက်ဆိုင်ရာ ကလပ်များနှင့် အပြိုင်လုရန်မရှိ။ အချိန်မှန် လေ့ကျင့်ရေး ကောင်းကောင်းလုပ်နိုင်သည်။ လေ့ကျင့်ရေး ကွင်းတွင် မိန်းခလေးများ လေ့ကျင့်ရေးဆင်းသည့် အသံသည် အမျိုးသား အသင်းများ၏ လေ့ကျင့်ရေးထက် ပို၍ပင် ဆူညံနေတတ်သည်။

မအေးသည်က အမျိုးသား သက်တမ်းအလိုက် အသင်းများ။ လက်ရွေးစင် အသင်းကြီး၏ နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်း ခံထား ရသူ ပတ်ဆောင်ဟွာ ယူ-၂၁ အသင်းအား ကိုင်တွယ်ခွင့်ရသည့် အပေါ် ဂျာမန် နည်းပြကြီးကလည်း အမြင်မကြည်လှ၊ ဆွီဒင်ကြီးကလည်း မကျေနပ်ပြန်။ ယူ-၁၆ အသင်းနှင့် အတူ နာမည်ရခဲ့သည့် ဘရာဇီးလ်သား မာကိုကလည်း ၎င်း၏ တပည့်ကျော်များနှင့် အတူ သက်တမ်းအလိုက် အသင်းများအား တစ်ဆင့်ချင်းတက် ကိုင်တွယ်ခွင့် ရလိုနေပြန်သည်။ မကြာမီ ဖွဲ့စည်းတော့မည့် ယူ-၂၂ အသင်းအတွက် မည်သည့် နိုင်ငံခြားနည်းပြ တာဝန်ပေး ခံရမည်လဲ ဆိုသည်မှာလည်း ပုစ္ဆာတစ်ပုဒ်အဖြစ် ရှိနေဆဲ။

ပတ်ဆောင်ဟွာကတော့ မိမိအလုပ် မိမိလုပ်နေသည်။ စကားများများမပြော။ ပြောခဲ့သည်တော့ ရှိသည်။ လက်ရွေးစင် အသင်း၏ အဆင့်အား ဂျပန်၊ တောင်ကိုရီးယား အစရှိသည့် အသင်းများနှင့် ရင်ဘောင်တန်းနိုင်ရန် အဆင့်မြှင့်တင် ပေးမည်ဟူ၍။ သို့သော် ၎င်းက “အချိန်လိုသည်၊ ပရိသတ်များ စိတ်ရှည်ရန်လိုသည်။ မြန်မာ ဘောလုံးသမားများ ကျွမ်းကျင်မှု ရှိသော်လည်း လိုအပ်ချက်များလည်း ရှိနေ သေးသည်။ နိုင်မည့် အသင်းနှင့် ခြေစမ်းနေရုံဖြင့် ခြေစွမ်းတိုးတက်မည် မဟုတ်” စသဖြင့် ဆိုသည်။ သို့တစေ ၎င်း အဓိက တာဝန်ယူရမည့် လက်ရွေးစင် အသင်းကြီးအတွက်မူ နိုင်လောက်သည့် အသင်းမျိုးနှင့်ပင် ခြေစမ်းခွင့်မရသေး။ လက်ရွေးစင် အသင်းကြီး ကစားသမား များနှင့်ပင် ထိတွေ့ခွင့်မရသေး။ ၎င်းအား တရားဝင် စာချုပ်ချုပ်ဆိုခဲ့သည်က ၂၀၁၁ ဒီဇင်ဘာ ၁၅ရက်နေ့၊ အချိန်အားဖြင့် (၂)လကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း လက်ရွေးစင် အသင်းကြီး၏ ခြေစမ်း၊ ခြေသွေးပွဲ တစ်ပွဲမျှပင် မြင်တွေ့ရခြင်း မရှိသေးပေ။


အိုမန်နှင့် ပွဲစဉ်တွင်တွေ့ရသည့် ပွဲထွက်လူစာရင်း

သုဝဏ္ဏကွင်းတွင် ပွဲပျက်ခဲ့ရသည့် အိုမန်နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင် ဘောလုံး အသင်း၏ နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်ဖြစ်သည်။ (၆)လတာ ကာလအတွင်း မြန်မာတွေ ခြေမစမ်းခဲ့။ ပွဲမကစားခဲ့။ နည်းပြခန့်အပ်မှုမှ လွဲ၍ လက်ရွေးစင် အသင်း၏ လှုပ်ရှားမှု တစ်စုံတစ်ရာ မတွေ့မမြင်ခဲ့။ ထိုင်းနှင့် ခြေစမ်းမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ဘရာဇီးလ် လက်ရွေးစင်ဟောင်း အသင်းနှင့် ယှဉ်ပြိုင် ကစားစေမည်ဟု ဆိုပြန်သည်။ ယခုချိန်ထိ တိကျသေချာသည့် သတင်းထုတ်ပြန်မှုမျိုး မရှိသေး။ ပြီးခဲ့သည့် ရက်ပိုင်းက စီနီယာ ကစားသမားများ ပါဝင်မည့် လက်ရွေးစင် အသင်းကြီးအား တောင်ကိုရီးယားသို့ သွားရောက် လေ့ကျင့်စေမည် ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။ ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာ၏ အဆက်အသွယ်ဖြင့် တောင်ကိုရီးယားကလပ် အသင်းအချို့ နှင့်လည်း ခြေစမ်းပွဲများ ကစားမည်ဆိုသည်။ လက်ရွေးစင် အသင်းအတွက် ကောင်းမွန်သည့် ခရီးစဉ် ဖြစ်ပါစေကြောင်း ဆုတောင်းမိသည်။ ပွဲစီစဉ်သည့် သူများအားလုံးကိုလည်း ကျေးဇူး တင်ရပေမည်။

သို့သော် ခြေစမ်းပွဲများအား စနစ်တကျ စီစဉ်ပေးစေလိုသည်။ အခြား နိုင်ငံများကဲ့သို့ နိုင်ငံတကာ ရက်သတ္တပတ်များ၌ နိုင်ငံ လက်ရွေးစင် အသင်းများ၊ ခြေစွမ်းထက် ကလပ် အသင်းများနှင့် ခြေစမ်းပွဲများ ပုံမှန်ကစား စေချင်ပါသည်။ ဘောလုံး ပြက္ခဒိန်တွင်လည်း လက်ရွေးစင် အသင်းကြီး ခြေစမ်းပွဲများ ကစားနိုင်ရန် ထည့်သွင်း ရေးဆွဲစေလိုပါသည်။ နှစ်ကုန်ပိုင်းတွင် လက်ရွေးစင် အသင်းကြီး အာဆီယံ ဘောလုံးပြိုင်ပွဲ ၀င်ရောက်ရန် ရှိသည်။ ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှု အနေဖြင့် သာမကဘဲ လက်ရွေးစင် အသင်းကြီး၏ ကမ္ဘာ့အဆင့် ရပ်တည်မှု ပြန်လည် မြင့်တက်စေရေး အတွက် ရေတိုရေရှည် စီမံကိန်းများ ရေးဆွဲ စေချင်ပါသည်။

ခြေစမ်းပွဲများအား စနစ်တကျ စီစဉ်ပေးစေလိုသည်။ အခြား နိုင်ငံများကဲ့သို့ နိုင်ငံတကာ ရက်သတ္တပတ်များ၌ နိုင်ငံ လက်ရွေးစင် အသင်းများ၊ ခြေစွမ်းထက် ကလပ် အသင်းများနှင့် ခြေစမ်းပွဲများ ပုံမှန်ကစား စေချင်ပါသည်။ ဘောလုံး ပြက္ခဒိန်တွင်လည်း လက်ရွေးစင် အသင်းကြီး ခြေစမ်းပွဲများ ကစားနိုင်ရန် ထည့်သွင်း ရေးဆွဲစေလိုပါသည်...ဝေဖန် အကြုံပြုရသည်မှာ လွယ်သည်။ လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ရသူများ အနေဖြင့် အခက်အခဲများ ကြားမှ ဆောင်ရွက်ရ၍ ထင်သလောက် ခရီးမပေါက်သည် ကိုလည်း နားလည်သည်။ စာရေးသူသည် အောင်မြင်မှု မရရှိသေးသည့် မြန်မာ့ဘောလုံး အပေါ် နားလည်ဖြည့်တွေး ပေးနိုင်သည်။ သို့သော် နိုင်ငံ၏ အမည်၊ နိုင်ငံတော်၏ အလံဖြင့် တစ်လလျှင် တစ်ကြိမ်ကျ ကမ္ဘာ့အဆင့် ထုတ်ပြန်လေ့ ရှိသည့် ဖီဖာ ကမ္ဘာ့အဆင့်တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်စေရေး ပြင်ဆင်မှုမျိုး မရှိခဲ့ခြင်းအပေါ်မူ နားလည်ပေးနိုင်စွမ်း မရှိလှပေ။ သေချာသည်မှာ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ ဘောလုံး အားကစား အဆင့်အတန်း တိုးတက် မြင့်မားလာစေရေး အတွက် နည်းအမျိုးမျိုးဖြင့် တစိုက်မတ်မတ် ကြိုးပမ်း နေကြခြင်းပင် ဖြစ်သည်။ မိမိတို့နိုင်ငံ အနေဖြင့်လည်း ယခင်က တစ်လှမ်းလှမ်း ခဲ့သည့်နေရာတွင် နှစ်လှမ်း၊ သုံးလှမ်းမက လှမ်းထားနိုင်ပါမှ တော်ရာကျမည် ဖြစ်ပါကြောင်း...

0 ဝေဖန်ချက်များ:

Post a Comment