Saturday, February 25, 2012

ကလေး မျက်နှာနဲ့ ဘောလုံး မှော်ဆရာလေး မက်ဆီသို့ ဂုဏ်ပြုခြင်း

CREDIT TO © SOCCERMYANMAR.COM


ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်မြို့  မှာ ရှိတဲ့ (၂၀၁၁)ခုနှစ် အတွက် ဘောလုံး လောကရဲ့ အကောင်းဆုံး ဆုရှင်များ ဆုပေးပွဲ အခမ်းအနား ကျင်းပရာ ခန်းမ တစ်ခုလုံး တိတ်ဆိတ် နေပါတယ်။ ကမ္ဘာ တစ်လွားက သန်းပေါင်း များစွာသော ပရိတ်သတ်တွေကလဲ TV ဖန်သားပြင်ကို မျက်တောင် မခတ်ပဲ ကြည့်နေကြပါတယ်။ ဘရာဇီးဂန္တ၀င် ရော်နယ်ဒိုက အမျိုးသား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရသူ အမည်ကို ကြေညာလိုက်တဲ့ အချိန်မှာတော့ လက်ခုပ်သံတွေ ဆူညံသွားပြီး ကင်မရာ မီးရောင်တွေကလဲ မျက်စိကျိန်းစပ် လောက်အောင် လင်းလက် သွားပါတော့တယ်။ ရုပ်မြင်သံကြားကနေ အားပေးနေတဲ့ ပရိတ်သတ်တွေရဲ့ အော်ဟစ်သံတွေကလဲ နေရာအနှံ့ ကြားနေရပါတယ်။ အားလုံးသော သူတွေရဲ့ မျက်နှာမှာ ဝမ်းသာ ကြည်နူးမှုတွေကသာ နေရာ ယူထားပြီး အံ့အားသင့်မှုတွေ၊ အငြင်းပွားစရာ သံသယတွေတော့ ရှိမနေပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဆုရရှိသူဟာ လီယွန်နယ်လ်မက်ဆီလို့ အမည်ရတဲ့ ပြိုင်ဘက်ကင်း ဘောလုံး မှော်ဆရာလေး ဖြစ်နေလို့ပါ။

စံချိန်တွေ အားလုံးနား
အသက် (၂၄)နှစ်သာ ရှိသေးတဲ့ မက်ဆီဟာ ကမ္ဘာ တစ်ဝန်းက ဂျာနယ်လစ်တွေ၊ လက်ရွေးစင် အသင်း နည်းပြတွေနဲ့ အသင်း ခေါင်းဆောင်တွေ စုပေါင်း ရွေးချယ်တဲ့ စနစ်သစ် ပုံစံမှာ နှစ်နှစ်ဆက်တိုက် ကမ္ဘာ့ အကောင်းဆုံး ဆုကို ရရှိခဲ့တဲ့ အပြင် စနစ်ဟောင်းမှာလည်း မက်ဆီပဲ နောက်ဆုံး အနေနဲ့ ရရှိခဲ့တာကြောင့် လက်ရှိဘောလုံး လောကမှာ စနစ်ဟောင်းရော စနစ်သစ်ပုံစံမှာပါ ဆုရရှိထားတဲ့ တစ်ဦးတည်းသော ဘောလုံးသမား အဖြစ် စံချိန် တင်ထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုကို (၃)နှစ်ဆက်တိုက် ရရှိထားတဲ့ စံချိန်ကိုပါ ထပ်တင်ထားတယ် ဆိုရင်လဲ မမှားပါဘူး။ မက်ဆီရဲ့ အရင်က ပြင်သစ်ကွင်းလယ် အင်ဂျင် ဇီဒန်းနဲ့ ဘရာဇီးလ် တိုက်စစ်မှူး ရော်နယ်လ်ဒိုတို့ ကမ္ဘာ့  အကောင်းဆုံး ဆုကို (၃)ကြိမ်စီ ရရှိခဲ့ဖူး ပေမယ့် ဆက်တိုက် ရရှိခဲ့တာမျိုး မဟုတ်ပါဘူး။ ဥရောပ ဘက်ကို ကြည့်လိုက်ရင်တော့ Total Football ဖခင် ဟော်လန်က ဂျိုဟန်ခရပ်ဖ်က ဥရောပ အကောင်းဆုံး ဘောလုံးသမား ဆုကို (၃) ကြိမ်ရရှိခဲ့သလို လက်ရှိ UEFA ဥက္ကဋ္ဌ ပြင်သစ်က ပလာတီနီလဲ (၃) ကြိမ်ဆက် ရရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု အချိန်မှာ ဆိုရင်တော့ မက်ဆီဟာ စံချိန်တင် အရေအတွက်၊ စံချိန်တင် ဆုမဲ၊ စံချိန်တင် အောင်မြင်မှုတွေနဲ့ ဘောလုံး လောကရဲ့ သမိုင်းသစ်ကို လှပစွာနဲ့ ရေးထိုးလိုက်ပါပြီ။ သူဟာ အာဂျင်တီးနား ကစားသမားတွေ အနက် ကမ္ဘာ့ အကောင်းဆုံး ဆုကို ပထမဆုံး အကြိမ် ရရှိခဲ့သူ ဆိုတဲ့အချက်ကလဲ နိုင်ငံပရိတ်သတ်တွေကို အတိုင်းအတာ တစ်ခုအထိ နှစ်သိမ့်လိုက်နိုင် သေချာပါတယ်။



အခုလို စံချိန် တစ်ခုပြီး တစ်ခု တင်နေပေမယ့် မက်ဆီဟာ အလုံးစုံ ပြီးပြည့်စုံနေတဲ့ ဘောလုံးသမားတော့ မဟုတ်ပါဘူး။ သူ့မှာလဲ အားနည်းချက်တွေ ရှိပါတယ်။ အထူးသဖြင့် ခေါင်းတိုက် စွမ်းရည်နဲ့ ဖရီးကစ် ကန်သွင်းတဲ့ စွမ်းရည်က သာမန်ပဲ ရှိပါတယ်။ ဒါ့အပြင် ဘောလုံးကို ညာခြေနဲ့သာ အဓိက ကစားတာပါ။ ဒါပေမယ့် သူ့ရဲ့ ညာခြေ တစ်ချောင်းထဲကိုပဲ ပြိုင်ဘက်တွေ မထိန်းနိုင်သေးသလို ဂိုးရဖို့ အတွက်လဲ ဖရီးကစ်တွေ၊ အမြင့်ဘောတွေကို အားကိုးစရာ မလိုတဲ့ ဘောလုံး ကျွမ်းကျင်မှုကြောင့် အခုလို အောင်မြင်မှုတွေ ရနေခြင်း ဖြစ်ပါတယ်။ လက်ရှိ ဘောလုံး လောကမှာ ခြေစွမ်း ပြနေတဲ့ စီရော်နယ်လ်ဒို၊ ဇာဗီး ၊ ရူနီ၊ ဗန်ပါစီ၊မိုဗစ်ခ်ျ စတဲ့ ဒိတ်ဒိတ်ကျဲ ဘောလုံးသမားတွေကိုလည်း အလွယ်တကူ နောက်ကောက်ချ နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားတွင် ထုတ်လုပ်သည်

(၁၉၈၇ ဇွန်လ ၂၄ ရက်)မှာ အာဂျင်တီးနား နိုင်ငံ Rosario မြို က သာမန် ဆင်းရဲသား မိသားစုလေးကနေ မက်ဆီကို မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်ဟာ စတီး စက်ရုံက လုပ်သား တစ်ဦးသာ ဖြစ်ပြီး မိခင်ကလဲ သန့်ရှင်းရေး အလုပ်သမ တစ်ဦးပါ။ မွေးရာပါ ဘောလုံး ပါရမီ ထူးချွန်လွန်းတဲ့ မက်ဆီဟာ အသက်(၅)နှစ် အရွယ်မှာပဲ သူ့ဖခင် အပျော်တမ်း နည်းပြနေတဲ့ Grandoli ကလပ်မှာ ဘောလုံး ကစားခဲ့ပါတယ်။ အသက်(၈)နှစ်မှာတော့ Rosario အခြေစိုက် Newell’s Old Boy ကလပ်ကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ မက်ဆီရဲ့ ဘောလုံး ပါရမီဟာ အဲ့ဒီ အချိန်ကတဲက အခြား သူတွေထက် ထူးထူးခြားခြား သာလွန်နေတော့ သူ့ ဖခင်က တစ်နေ့နေ့မှာ သူ့ကို ထူးချွန်တဲ့ ဆုကြေးစား ဘောလုံးသမား အဖြစ် အသက် မွေးနိုင်ရမယ်လို့ ရည်မှန်းချက် ထားရင်း အစွမ်းကုန် ပြုစု ပျိုးထောင် ပေးခဲ့ပါတယ်။ဒါပေမယ့် ကံကြမ္မာ နတ်ဆိုးက မထင်မှတ်တဲ့ အချိန်မှာ သူတို့ရဲ့ စိတ်ကူးယဉ် အိမ်မက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ ပါတယ်။မက်ဆီ(၁၁)နှစ်သား အရွယ်မှာ ခန္ဓာကိုယ် ကြီးထွားနှုန်း နှေးကွေးတဲ့ ရောဂါကို ခံစားခဲ့ရပြီး သူ့ရဲ့ အနာဂါတ် ဘောလုံးအိမ်မက် ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့ပါတယ်။

ဒီရောဂါကို ကုဖို့ ပိုက်ဆံ အလုံအလောက်လဲ သူတို့ မိသားစုမှာ မရှိပါဘူး။ ဒီအချိန်မှာ မက်ဆီရဲ့ ခြေစွမ်းကို ဘောလုံး ကင်းထောက်တွေကနေ တဆင့် လေ့လာထားတဲ့ စပိန် ဘီလူးကြီး ဘာစီလိုနာက မက်ဆီကို သူတို့ ဘောလုံး အကယ်ဒမီမှာ လာကစားဖို့ ကမ်းလှမ်းခဲ့ပြီး မက်ဆီရဲ့ ဆေးကုသမှု စရိတ်ကို အကုန်အကျ ခံပါ့မယ်လို့လဲ အာမ ခံခဲ့ပါတယ်။ဒီလိုနဲ့ပဲ မက်ဆီနဲ့ သူ့ဖခင်ဟာ ဘာစီလိုနာမြို့ ကို ပြောင်းရွှေ့ခဲ့ပြီး သူတို့ရဲ့ စိတ်ကူး အိမ်မက်ကို လက်တွေ့  ကျကျ အကောင်အထည် ဖေါ်နိုင်မယ့် အခွင့်အရေးကို ရယူခဲ့ပါတယ်။


ဘာစီလိုနာရဲ့ လူငယ် အကယ်ဒမီ ဖြစ်တဲ့ လာမာစီယာမှာ ကစားနေရင်း မက်ဆီရဲ့ ခြေစွမ်းဟာ တစ်နေ့တစ်ခြား တိုးတက် လာပါတယ်။ သူ့ကစားဖေါ်တွေ ဖြစ်တဲ့ အင်ဒီယေစတာ၊ ပီကေးလ်၊ ဇာဗီးစသူတွေနဲ့လဲ အကောင်းဆုံး တွဲကစား နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့အသက်(၁၇)နှစ် အရွယ် ( ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်)မှာတော့ ဘာစီလိုနာ နည်းပြရစ်ကဒ်ဟာ မက်ဆီကို အက်စပန်ညိုနဲ့ ကစားတဲ့ ပွဲမှာ လူစား သွင်းခဲ့ခြင်းအားဖြင့် မက်ဆီရဲ့ ဘောလုံးသမား ဘဝကို နောက်တစ်ဆင့် တက်လှမ်း စေခဲ့ပါတယ်။ သူ့ရဲ့ ငယ်စဉ်က စိတ်ကူး အိမ်မက်ဟာလဲ လက်တွေ့ အကောင်အထည် ပေါ်လာခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။(၂၀၀၅)ခုနှစ်မှာတော့ မက်ဆီဟာ ဘာစီလိုနာ ပထမ အသင်းမှာ (၂၀၁၄)အထိ အမြဲတမ်း ကစားမယ့် ပရော်ဖက်ရှင်နယ်လ် စာချုပ်ကို ထပ်မံ လက်မှတ် ထိုး ခဲ့ပါတယ်။

အောင်မြင်မှုများ

ပထမ အသင်းမှာ စတင် ကစားခွင့် ရခဲ့တဲ အချိန်မှာ မက်ဆီဟာ လူစားဝင် ကစားသမား အဖြစ်နဲ့ပဲ ခြေစွမ်း ပြခဲ့ပါတယ်။ဒါပေမယ့် လူစားဝင်တိုင်း သူ့ရဲ့ ခြေစွမ်းဟာ ပြိုင်ဘက်ကို ထိထိရောက်ရောက် ဒုက္ခ ပေးနိုင်ခဲ့လို့ ပြိုင်ဘက်တွေ အနေနဲ့ သူဝင် ကစားမှာကို စိုးရိမ်ရတဲ့ အထိပါ။ မကြာခင်မှာပဲ သူဟာ အသင်းရဲ့ ပထမ ကစားသမား နေရာကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ လှပ ညက်ညောတဲ့ ဘောလုံး အထိန်းအသိမ်း ၊ အကွက်မြင်မှု၊ တစ်ဦးချင်း စွမ်းရည်နဲ့ ထိုးဖေါက်မှု၊ ဘောလုံးကို ခြေထောက် နှစ်ဖက်နဲ့ တို့ပြီး ဆွဲပြေး ကန်သွင်းမှုနဲ့ သေချာတဲ့ အဆုံးသတ် မှုတွေကြောင့် သူဟာ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်အတွက် ထိရောက်တဲ့ လက်နက်ကောင်း တစ်ခု ဖြစ်ပေမယ့် ပြိုင်ဘက် နောက်တန်းတွေ အတွက်ကတော့ နတ်ဆိုး ကျိန်စာလို့ပဲ ဆိုရမှာပါ။ မက်ဆီနဲ့ ရင်ဆိုင်တွေ့တဲ့ နောက်တန်း ခံစစ်ဘီလူးတွေဟာ မက်ဆီသူတို့ကို ဘယ်လို ကျော်ဖြတ်သွားလဲ ဆိုတာတောင် မသိလိုက်ပဲ ဂိုးပိုက် လှုပ်သွားတာကိုသာ စိတ်ပျက်လက်ပျက် ငေးကြည့်နေရတဲ့ မြင်ကွင်းတွေကလဲ ဘာစီလိုနာ ကစားတဲ့ ပွဲတွေမှာ သာမန်ဖြစ်ရပ် တစ်ခုလိုပါပဲ။ မက်စီရဲ့ စွမ်းရည်တွေနဲ့ သွင်းဂိုးတွေဟာ ဘာစီလိုနာ အသင်း နောက်ဆုံး(၃)နှစ်ဆက်တိုက် လာလီဂါ ဖလား ဆွတ်ခူးခဲ့ရာမှာ အဓိက ကျတယ်ဆိုတာတော့ မြင်သာတဲ့ အချက်ပါ။

ချန်ပီယံလိဂ် အောင်နိုင်သူ
ဘာစီလိုနာ အသင်းဟာ ကမ္ဘာပေါ်မှာ အဆင့် အမြင့်ဆုံး ကလပ်အသင်း ပြိုင်ပွဲတွေ ဖြစ်တဲ့ ဥရောပ ချန်ပီယံလိဂ်မှာလည်း နောက်ဆုံး(၆)နှစ်မှာ (၃) ကြိမ်ဗိုလ်စွဲ ထားပြီး ဥရောပ ဘောလုံးဘုရင် ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင် ထားပါတယ်။ဒီ(၃)ကြိမ်စလုံး မက်ဆီ အနေနဲ့ အသင်းမှာ ပါဝင် ကစားခွင့် ရခဲ့ပြီး နောက်ဆုံး(၂)ကြိမ် ဗိုလ်စွဲရာမှာ မက်ဆီက အဓိက အခန်း ကဏ္ဍကနေ အသုံးတော် ခံခဲ့ပါတယ်။(၂၀၀၈-၂၀၀၉) ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မက်ဆီဟာ အသင်းအတွက် ပွဲစဉ် တစ်လျှောက် (၉) ဂိုး သွင်းယူပေးခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်း ဘုရင်ဖြစ်ခဲ့ပါတယ်။အင်္ဂလန် ကလပ် မန်ယူနဲ့ ဗိုလ်လုပွဲမှာ တွေ့တော့ ဘာစီလိုနာ အသင်း (၂-၀)နဲ့ အနိုင် ယူခဲ့ရာမှာ မက်ဆီ အထူး ခြေစွမ်းပြခဲ့ ပြီးအရေးပါတဲ့ ဒုတိယ အနိုင် ဂိုးကိုလဲ သွင်းယူ ပေးခဲ့ပါတယ်။။ ပွဲချိန် ဒုတိယပိုင်းမှာ ကွင်းလယ် ဗိုလ်ချုပ်ဇာဗီးရဲ့ ဖြတ်တင်ဘောကို လေထဲမှာ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းခုန်တိုက်လိုက် ပြီး ဂိုးပိုက်နဲ့ မိတ်ဆက် ပေးလိုက်ပုံကလည်း နယူတန် တွေ့ရှိခဲ့တဲ့ ကမ္ဘာ့ ဆွဲငင်အား သီအိုရီတွေဟာ သူနဲ့ ဘာမှ မပတ်သက်တဲ့ ပုံစံမျိုးပါ။ ဒီဂိုးကြောင့် မန်ယူအသင်း စိတ်ဓါတ် ကျသွားပြီး ဘာစီလိုနာ အနိုင် သေချာ သွားခဲ့ပါတယ်။


ထို့အတူ(၂၀၁၀-၂၀၁၁) ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း မက်ဆီ စုစုပေါင်း ( ၁၂)ဂိုး သွင်းယူပေးခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးအများဆုံး သွင်းသူ စာရင်းမှာ ထိပ်ဆုံးက နေရာယူခဲ့ ပြန်ပါတယ်။ ဗိုလ်လုပွဲမှာ ပြိုင်ဘက်ဟောင်း မန်ယူနဲ့ပဲ ပြန်တွေ့တဲ့ ဘာစီလိုနာ အသင်းဟာ ခြေစွမ်း အသာစီးနဲ့ ကစားခဲ့ပြီး (၃-၁)ဂိုးနဲ့ အနိုင် ရခဲ့ပါတယ်။ ပထမပိုင်းမှာ (၁-၁)စီ သရေ ကျနေတဲ့ ဒီပွဲမှာ ဒုတိယပိုင်းမှာတော့ မက်ဆီက သူ့ရဲ့ တစ်ဦးချင်း စွမ်းရည်နဲ့ မန်ယူ ခံစစ်ကြောင်းကို ဖြိုခွဲပြီး နောက်တန်းလူ(၃)ယောက် ကြားထဲကနေ ဘာစီလိုနာ အတွက် အနိုင်ဂိုး တစ်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။ ဗိုလ်လု ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဆုကိုလဲ ရရှိခဲ့တာကြောင့် သူဟာ ကမ္ဘာ့ အဆင့် အမြင့်ဆုံး ပြိုင်ပွဲမှာ အဆင့် အမြင့်ဆုံး ခြေစွမ်း ပြနေတဲ့ ကစားသမား တစ်ဦးဆိုလဲ မမှားပါဘူး။ အခုဆိုရင် သူဟာ ချန်ပီယံလိဂ် ဖလားကို (၃)ကြိမ် ဆွတ်ခူးထားနိုင်လို့ နောင်တော် ကစားသမားတွေ ဖြစ်တဲ့ ဖရန်စစ်စကိုဂင်တို(၆ကြိမ်) နဲ့ မာလ်ဒီနီ(၅)ကြိမ် တို့ရဲ့ ခြေရာကို နင်းဖို့ တာစူ နေပါပြီ။

မက်ဆီနဲ့ ပီလီ ဘယ်သူသာလဲ“လီယွန်နယ်လ် မက်ဆီ အနေနဲ့ ကစားသမား ဘ၀မှာ ဂိုး(၁၀၀၀)ကျော် သွင်းနိုင်ပြီး အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားကို ရပြီးမှ ကျွန်တော်နဲ့ နှိုင်းယှဉ်ဖို့ စကားပြောပါ” မက်ဆီ စံချိန်တင်ကမ္ဘာ့ အကောင်းဆုံး ဆုရပြီး မကြာခင်မှာပဲ ဘရာဇီးလ် ဘောလုံး ဂန္ထဝင် ပီလီက အထက်ပါ မှတ်ချက် စကားကို ဆိုခဲ့တာပါ။ သူပြောတဲ့စကားဟာ သဘာဝ ကျရဲ့လား ဆိုတာကို အတွေးနယ်ချဲ့မိ ပါတယ်။ မက်ဆီဟာ ကလပ်အသင်းမှာ မှော်ဝင် ခြေစွမ်းတွေ ပြနေပေမယ့် နိုင်ငံအသင်း အတွက်တော့ အောင်မြင်မှုတွေ ရယူပေးနိုင်ခြင်း မရှိသေးပါဘူး။ အထူးသဖြင့် အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား ဆွတ်ခူး ပေးနိုင်ခြင်း မရှိသေးလို့ လူပြောစရာ ဖြစ်နေပါတယ်။ဒါပေမယ့် ချန်ပီယံလိဂ်မှာ အကောင်းဆုံး ခြေစွမ်း ပြနေတဲ့ ကစားသမား တစ်ယောက်ရဲ့ အရည်အချင်းကို ကမ္ဘာ့ ဖလားမှာ အောင်မြင်မှု မရသေးလို့ မေးခွန်းထုတ် မယ်ဆိုရင်တော့ မှားသွားမှာပါ ။

(၄)နှစ် တစ်ကြိမ်သာ ကျင်းပတဲ့ ကမ္ဘာ့ ဖလားဟာ နိုင်ငံ အသင်းတိုင်း အတွက် အထွဋ်အမြတ် ထားရာ ပြိုင်ပွဲဖြစ်ပြီး အသင်း တစ်သင်းဟာ အုပ်စု ပွဲစဉ်ကနေ ဗိုလ်လုပွဲ အထိ(၇)ပွဲ ကစားရပါတယ်။ ကမ္ဘာ့ နေရာဒေသ အလိုက် ခွဲတမ်း စနစ်နဲ့ ပြိုင်ပွဲဝင်ခွင့် ပေးတဲ့ ဒီပွဲမှာ ခြေစွမ်း အဆင့်အတန်း နိမ့်တဲ့ အသင်းတွေလဲ ပါဝင်ခွင့် ရနေတာကြောင့် အသင်းတိုင်းက ထိပ်သီးခြေစွမ်း ပိုင်ရှင်တွေလို့ ပြောလို့ မရသလို အဆင့်နိမ့် ကစားသမားတွေလဲ ပါဝင် ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲမျိုးပါ။ဒါ့အပြင် အရည်အသွေးမြင့် ကစားသမား အချို့ ဟာဆိုရင်လဲ နိုင်ငံအသင်း ခြေစစ်ပွဲ မအောင်လို့ ဘောလုံးလောက ကနေ အနားယူချိန်အထိ ကမ္ဘာ့ ဖလားပွဲကို တစ်ကြိမ်မှ ပါဝင် ကစားဖူးခြင်း မရှိတာတွေကို တွေ့ရမှာပါ။ ပဉ္စမမြောက် ဘီတဲလ် အဖွဲ့ဝင်လို့ တင်စားခံရတဲ့ မန်ယူ အသင်းက အိုင်ယာလန် ကစား သမား ဂျော့ဘတ်စ်၊ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားဆု ရရှိဖူးတဲ့ မီလန်ရဲ့ လိုင်ဘေးရီးယား နိုင်ငံသား ဂျော့ခ်ျဝီယာ၊ မန်ယူဂန္ထဝင် ဝေလ အသင်းသား ဂစ်တို့ဟာ နိုင်ငံအသင်း ခြေစစ်ပွဲ မအောင်လို့ ကမ္ဘာ့ ဖလားပွဲကို တစ်ကြိမ် တစ်ခါမှ ဝင်ရောက် ယှဉ်ပြိုင် နိုင်ခဲ့ခြင်း မရှိခဲ့သလို လက်ရှိစပါး အသင်းမှာရော ဥရောပ အဆင့်မှာပါ ခြေစွမ်း ပြနေတဲ့ ဝေလကစားသမား ဂရက်ဘေးလ်လို ပါရမီရှင်ရဲ့ ခြေစွမ်းကိုလဲ ကမ္ဘာ့ ဖလားမှာ တွေ့မြင်ခွင့် ရဖို့ မရှိနိုင်ပါဘူး။

မက်ဆီ ခြေစွမ်း ပြနေတဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲကတော့ နှစ်စဉ် ပုံမှန် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်သလို အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲ အထိလဲ ပွဲပေါင်း (၁၃) ပွဲ ကစားရပါတယ်။ ငွေကြေး ချမ်းသာပြီး အစဉ်အလာ ကြီးမားတဲ့ ဥရောပ ကလပ်တွေဟာ ကမ္ဘာ အရပ်ရပ်က အကောင်းဆုံး ဘောလုံးသမားတွေကို အပြိုင်အဆိုင် ဝယ်ယူပြီး ပြိုင်ပွဲ ဝင်ကြတာမို့ အကောင်းဆုံး ဘောလုံးသမားတို့ စုဝေးရာ အဆင့်မြင့် ပြိုင်ပွဲလို့ ဆိုရမှာပါ။ ကမ္ဘာ့ ဖလားပွဲမှာ ယှဉ်ပြိုင်ခွင့် မရတဲ့ ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင် ဘောလုံးသမားတွေလဲ အသဲပေါက်မတတ် ခြေစွမ်းတွေ ပြနေတာကတော့ ဘောလုံး ဝါသနာရှင်တွေရဲ့ မျက်မြင် ကိုယ်တွေ့ ပါ။

ပီလီဟာ ကမ္ဘာ့ဖလားကို (၃)ကြိမ် ဆွတ်ခူးခဲ့တဲ့ ဘောလုံးသမားပါ။ ဒါပေမယ့် သူပါဝင် ကစားခဲ့တဲ့ ဘရာဇီးလ် အသင်း အောင်မြင်မှုတွေ ရခဲ့တာဟာ ပြိုင်ဘက်တွေရဲ့ အခြေအနေနဲ့ ကမ္ဘာ့ နိုင်ငံရေး အခြေအနေတွေနဲ့လဲ ဆက်စပ်နေတာ တွေ့ရပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးခါစ (၁၉၅၀)ပြည့်လွန်နှစ်တွေမှာ ဂျာမနီ၊ အီတလီ၊အင်္ဂလန် အစရှိတဲ့ ဥရောပ နိုင်ငံတွေဟာ စစ်ဒဏ်ကို မရှုမလှ ခံခဲ့ရတာကြောင့် မွမွကြေနေပြီး နိင်ငံပြန်လည် ထူထောင်ရေး စီမံကိန်းတွေကို ပဲအာ ရုံစိုက်နေရတဲ့ အနေအထားပါ။ ဒါ့အပြင် မြွေပူရာ ကင်းမှောင့် ဆိုသလို ကွန်မြူနစ် ဆိုဗီယက် ပြည်ထောင်စုရဲ့ ချိန်းခြောက်မှုတွေ၊ ဆိုဗီယက်နူကလီးယား ဒုံးပျံ အန္တရာယ်တွေနဲ့လဲ အခါမလပ် ရင်ဆိုင် နေရလို့ ဘောလုံး အားကစားကို အခုခေတ်လို အပြည့်အဝ အာရုံ စိုက်နိုင်ခြင်း မရှိခဲ့တာကို တွေ့ရမှာပါ။ ဒီလို အခြေအနေမျိုးမှာ ဘရာဇီးလ် အသင်း အနေနဲ့ ထိပ်သီး ကစားသမားတွေ ဖြစ်တဲ့ ပီလီနဲ့ အတူ ဒီဒီ၊ဗာဗာ၊ဂါရင်ချာ၊ဇာဂလိုနဲ့ ဂျေရာဇင်ဟိုတို့ ပါဝင် ကစားခဲ့ပါတယ်။ ဒါကြောင့်လဲ ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား စုဖွဲ့ မှုကို ပိုင်ဆိုင်ထားတဲ့ ဘရာဇီးလ် အသင်းဟာ (၁၉၅၈)ကနေ (၁၉၇၀)ခုနှစ် အတွင်း အားနည်းချိနဲ့ နေတဲ့ ဥရောပပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားမှာ (၃)ကြိမ် ဗိုလ်ဆွဲခဲ့တာပါ။

နောက်တစ်ချက်က ပီလီဟာ သူ့ရဲ့ အကောင်းဆုံး အချိန်တွေမှာ ဘရာဇီးလ်ကလပ် ဆန်းတို့စ်မှာပဲ ကစားခဲ့ပါတယ်။သူ့ရဲ့ ကစားသမား သက်တမ်း တစ်လျှောက်မှာ ဂိုးပေါင်း(၁၀၀၀)ကျော် သွင်းယူနိုင် ခဲ့ပါတယ်။ အဲ့ဒီ အချိန်တုန်းက သူပါဝင် ကစားခဲ့တဲ့ ဘရာဇီးလ် ပြည်တွင်းပြိုင်ပွဲတွေဟာ လက်ရှိ ပရီးမီးယားလိဂ် ၊ စီးရီးအေနဲ့ လာလီဂါ ပြိုင်ပွဲတို့ထက် အဆင့်အတန်း သိသိသာသာ နိမ့်ကျတာကတော့ မြင်သာတဲ့ အချက်ပါ။ဒီလိုပြိုင်ပွဲ အဆင့်အတန်း နိမ့်ကျတဲ့ အပြင် အသင်းတိုင်းက ဘရာဇီးလ် စတိုင် တိုက်စစ်အသားပေး ကစားပြီး ခံစစ်ကို အာရုံ မစိုက်လို့လဲ ပီလီ အနေနဲ့ ဂိုးတွေ ဖောဖောသီသီ သွင်းယူနိုင်ခဲ့တာလို့ ဆိုရမှာပါ။ လက်ရှိအချိန် ဥရောပ တစ်လွှားက ဘောလုံးပွဲတွေကတော့ ပေါင်သန်းချီတန်တဲ့ ပွဲတစ်ပွဲ အတွက် အသင်းတိုင်းက မရှုံးနိမ့်ရေးကို ဦးစားပေးပြီး ခံစစ် နည်းဗျူဟာကို အသေအချာ ပြင်ဆင် ကစားတဲ့ အပြင် ခံစစ်မှူးတွေရဲ့ အရည်အသွေးကလဲ မြင့်မား လွန်းတာကြောင့် တိုက်စစ်မှူး တစ်ယောက်ဟာ ဂိုးတစ်ဂိုး ရဖို့ အရေး အသည်းအသန် ရုန်းကန်ရလေ့ ရှိပါတယ်။ သေချာတဲ့ အချက်က လက်ရှိ ဥရောပ အဆင့်မြင့် လိဂ်တွေမှာ ကစားနေတဲ့ ကစားသမား တစ်ယောက် အနေနဲ့ ဂိုးပေါင်း(၁၀၀၀)ကျော် သွင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်သလို သူတို့သွင်းတဲ့ ဂိုးတစ်ဂိုးရဲ့ အရည်အသွေးနဲ့ ပီလီဆန်းတို့မှာ ကစားခဲ့စဉ်က သွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးရဲ့ အရည်အသွေးကို နှိုင်းယှဉ်ဖို့လဲ မဖြစ်နိုင်ပါဘူး။

ဒီလိုမတူညီတဲ့ ခေတ်ကာလနဲ့ အခြေအနေတွေကြောင့်လဲ ပီလီရဲ့ မက်ဆီအပေါ် မှတ်ချက်စကားဟာ ဘယ်လိုမှ သဘာဝ မကျတာတွေ့ရမှာပါ။ မက်ဆီ အနေနဲ့ နိုင်ငံ ပရိတ်သတ်တွေအတွက် ကမ္ဘာ့ဖလား ရယူပေးနိုင်မယ် ဆိုရင်တော့ သူ့ ရဲ့ အောင်မြင်မှု မှတ်တမ်းဟာ ပြီးပြည့်စုံသွားမှာ ဖြစ်ပေမယ့် လက်ရှိ အချိန်မှာလဲ သူဟာ တစ်မိုးအောက် တစ်ယောက်သာ ရှိတဲ့ မှော်ဝင် ခြေစွမ်းပိုင်ရှင် ဆိုတာကတော့ အမှန်တရားပါ။ တကယ်လို့ စိတ်ဓါတ်ချင်း ယှဉ်မယ် ဆိုရင်တော့ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းပြီး လူငယ်တွေကို နေရာမပေးချင်ပဲ အတ္တကို ဖက်တွယ်ထားတဲ့ ပီလီထက် မိမိကိုယ်ကို နှိမ့်ချတဲ့ စိတ်ရှိတဲ့ မက်ဆီက အပြတ်အသတ် သာလွန်ပါတယ်။

ဆက်လျှောက်ရမယ့် ခရီးလမ်း

လွန်ခဲ့နဲ့ (၁၂)နှစ်လောက်က ဘာစီလိုနာ လူငယ် အကယ်ဒမီကို မျက်စိသူငယ် နားသူငယ်နဲ့ ရောက်လာတဲ့ ခပ်ပိန်ပိန်နဲ့ ရောဂါသည် ကောင်လေးဟာ အခုချိန်မှာတော့ ဘောလုံးလောကမှာ ရှိသမျှ အောင်မြင်မှုတွေ အားလုံးနီးပါးကို ရယူထားပြီး အများက လေးစား အားကျရတဲ့ သန်းကြွယ်သူဌေး ဘောလုံး မှော်ဆရာလေး ဖြစ်နေပါပြီ။ ဘောလုံးသမား တစ်ယောက်ရဲ့ အကောင်းဆုံး အချိန်က အသက်(၂၉)နှစ်လို့ ကျွမ်းကျင်သူတွေ ရဲ့သတ်မှတ်ထားချက် အရ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ချင်တဲ့ ပရိတ်သတ်တွေ အနေနဲ့ကတော့ နောက်ထပ် (၅)နှစ်လောက် ထပ်စောင့် ရအုံးမှာပါ။ အခုအချိန်မှာတောင် ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံးတွေထဲက တစ်ယောက်အဖြစ် သတ်မှတ် ခံထားရလောက်အောင် မှော်ဝင်ခြေစွမ်းနဲ့ လှပညက်ညောနဲ့ ကစားဟန်တွေကို ပိုင်ဆိုင်ထားတဲ့ မက်ဆီ အနေနဲ့ သူ့ရဲ့ အကောင်းဆုံး အချိန်မှာ ဘယ်လို ခြေစွမ်းမျိုးကို ထုတ်ဖေါ် ပြသမလဲ ဆိုတာတော့ တန်ခိုးရှင် နတ်ဘုရားတွေပဲ သိပါလိမ့်မယ်။ လက်ရှိ အချိန်မှာတော့ သူ့ရဲ့ အောင်မြင်မှုကို အားကျ ချီးကျူးသူတွေ ရှိသလို လူ့လောကရဲ့ သဘာဝအတိုင်း မနာလိုသူတွေ၊ ဝေဖန် အပြစ်တင်သူတွေလဲ မရှားပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် မက်ဆီကတော့ သူ ဘောလုံး ဆက်ကစားဖွယ် ရှိတဲ့ နောက်ထပ်(၁၀)စုနှစ် တစ်စုအတွင်း ကြမ်းတမ်းတဲ့ ခရီးလမ်း တစ်လျှောက် အခက်အခဲ အားလုံးကို အားမန်အပြည့်နဲ့ ကျော်ဖြတ် လျှောက်လှမ်းဖို့ အသင့် အနေအထားပါ။ သူအရမ်းချစ်တဲ့ အန်တိုနီလာရဲ့ လက်ကို မလွတ်တမ်း ဆုတ်ကိုင် ထားရင်းနဲ့ပေါ့။

0 ဝေဖန်ချက်များ:

Post a Comment